မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်နက်/ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Saturday, June 20, 2020 - 16:00

 

နေပြည်တော်၊ ဇွန် - ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ဝန်းကျင်တစ်ဝိုက်၌ လက်နက်ကိုင်သောင်းကျန်းသူများနှင့် ၎င်းတို့၏ အမာခံများ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး တရားမဝင်လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ

သိုဝှက်သယ်ဆောင်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရှာဖွေဖော်ထုတ်လျက်ရှိရာ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊  ပန်လုံမိုင်ရပ်ရှိ နေအိမ်တစ်လုံးအား ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်၌ အိမ်ငှားနေထိုင်သူများဖြစ်သည့် လွယ်ဂျယ်မြို့၊ ဂျာယိန်ယန်ရွာမှ ယောဟန် (ဘ) ဦးလဗျအောင်နှင့် ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်မှ ထွန်းလင်းအောင် (ဘ) ဦးမြင့်ဇော်တို့ ၂ ဦးအား တွေ့ရှိရပြီး ထွန်းလင်းအောင်၏ အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ပစ္စတိုသေနတ် ၃ လက်၊ ၎င်းကျည် ၉ တောင့်၊ ၆ ဒသမ ၃၅ ကျည် ၅၄ တောင့်၊ ကတ်တမင်းအဖြူရောင်အမှုန့် ၃ ထုပ်(၆၅ ဂရမ်)ကို လည်းကောင်း၊ နေအိမ်မျက်နှာကျက်အတွင်းမှ  အမ် ၂၂ သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၉ ခု၊ ၎င်းကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ လမ်းလျှောက်စကားပြောစက် ၃ လုံး၊ ICE အဖြူရောင် ပုံဆောင်ခဲ ၁ ကီလိုပါ ၁၂ ထုပ် (စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀ ကျပ်)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။   

 

အဆိုပါ လက်နက်/ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူဆယ်မြို့မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Share it now!