ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

Saturday, June 20, 2020 - 16:15

 

နေပြည်တော်၊ ဇွန် - ၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၉ ရက် နံနက် ၅ နာရီခန့်တွင် ကျောက်ဆိပ်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်

အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် အလောင်း ၁ လောင်း၊ အားကစားအင်္ကျီနှင့် ဘောင်းဘီဝတ်ဆင်ထားသည့် အလောင်း ၁ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၄၀ တောင့်၊ အမ် -၂၃ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်။   AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ကျေးရွာများအတွင်း အရပ်သားအသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဒေသ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Share it now!