ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရ

Tuesday, September 8, 2020 - 10:15

 

နေပြည်တော်၊ စက်တင်ဘာ - ၈

         လက်တလော တချို့လူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများအား 

အဖွဲ့အစည်းတချို့မှ လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။

        ကျောက်တော်မြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်းလုံခြုံရေးဆောင်ရွက်ပြီး အပေါက်ဝ ရဲကင်းစခန်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာပတ်ဝန်းကျင်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူနှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

         သို့ဖြစ်၍ လူမှုကွန်ရက်သတင်းမှားများစိစစ်နိုင်ရေး စက်တင်ဘာ ၇ ရက်၊ ညပိုင်း ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာအတွင်း မီးလောင်ကျွမ်းခဲ့မှုအခြေအနေအား မြေပြင်စစ်ဆေးမှုများ၊ ဒရုန်းများဖြင့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူလူထုတချို့၏ပြောပြချက်အရ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်နိုင်ကြောင်း သိရှိရသည်။

အဆိုပါကျေးရွာနှစ်ရွာအပါအဝင် အင်ဘာရီ၊ ဒုက္ကံချောင်း၊ ဂုတ်ပိတောင်နှင့် အခစားကျေးရွာများသည် ကုလားတန်မြစ် ဝဲ/ယာရှိကျေးရွာများဖြစ်ကြပြီး AA အကြမ်းဖက်သောင်းကျန်းသူများက အရပ်သားများအသွင်ရောနှောနေထိုင်လျက် တပ်မတော်ရေယာဉ်များ စစ်တွေ-ကျောက်တော် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ချိန်တိုင်း ရွာအတွင်းမှ မကြာခဏချောင်းမြောင်းနှောင့်ယှက် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများတွင်အရပ်သား အသွင်ယူရောနှောနေထိုင်ပြီး  ရပ်ရွာနေပြည်သူလူထုများ၏ နေအိမ်များအား အကာကွယ်ယူကာ ကျေးရွာများအနီးတိုက်ပွဲများဖန်တီးခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်ကာ တိုက်ပွဲအကျိုးဆက်များအား တပ်မတော်အပေါ်အပြစ်ပုံချ၍ ပြည်သူလူထုမှ ယုံကြည်မှုကင်းမဲ့စေရန် လုပ်ကြံဖန်တီးလျက်ရှိကြောင်းနှင့် သတင်းမှားများ နှင့်ပတ်သက်၍ ပြည်သူများနားယောင်မှုမရှိစေရေး သတင်းထုတ်ပြန်အပ်ပါသည်။

Share it now!