ဝမ်းနည်းကြေကွဲခြင်း

Tuesday, September 15, 2020 - 15:15

ဝမ်းနည်းကြေကွဲခြင်း

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး

မဟာသဒ္ဓမ္မ ဇောတိကဓဇ

ဦးလှမြင့်(ခ)ကဗျာဆရာ မောင်ပန်းမွှေး

အသက်(၈၁)နှစ်

       ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉) ရပ်ကွက်၊ ယူကလစ်မြိုင်လမ်း၊ အမှတ် (၁၉၂/၆) နေ ဒေါ်ဝါဝါမေ၏ချစ်လှစွာသောခင်ပွန်း၊ မောင်သက်လှိုင်မွှေး၏ဖခင် မဟာသဒ္ဓမ္မဇောတိကဓဇ ဦးလှမြင့်

(ကဗျာဆရာကြီး မောင်ပန်းမွှေး)၊ အသက် (၈၁)နှစ်သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက် (အင်္ဂါနေ့) နံနက် ၀၀:၀၅ နာရီတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ကြောင်း သိရှိရပါသည်။ 

         ဆရာကြီးမောင်ပန်းမွှေးသည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ပညာရေးတက္ကသိုလ် (ရန်ကုန်)မြန်မာစာဌာန၊ ပုသိမ်ကောလိပ် မြန်မာစာဌာန၊ စစ်တွေကောလိပ် မြန်မာစာဌာနတို့တွင် တက္ကသိုလ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးလောကအတွက် အကျိုးပြုခဲ့ပါသည်။ မြန်မာစာပေလောကတွင်လည်း ဆရာကြီးရေးသားပြုစုခဲ့သော ပို့စကတ်ကဗျာများ၊ ကဗျာဆိုင်ရာ ကျမ်းများ၊ ဓမ္မစာပေများစသည့် သုတ၊ ရသစာပေလက်ရာများစွာ ကျန်ရှိခဲ့ပြီး  စာဖတ်ပရိသတ် များက ဆရာကြီး၏ကဗျာစာပေ အနုပညာလက်ရာများကို အမြဲသတိရလွမ်းဆွတ်နေရဦးမည် ဖြစ်ပါသည်။ ဆရာကြီးရေးသားပြုစုခဲ့သော စာပေလက်ရာများသည် စာဖတ်ပရိသတ်များ၏ နှလုံးသားတွင်လည်းကောင်း၊ စာပေလောကသားများ၏ ရင်ထဲတွင်လည်းကောင်း တန်ဖိုးရှိသော စာပေလက်ရာများအဖြစ် ထာ၀စဉ်ရှင်သန်ကျန်ရစ်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ပြင် ဆရာကြီးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ နုဂ္ဂဟအသင်း(ဗဟို)က ထုတ်ဝေသည့် သာသနာ့အလင်းဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ပြီး ဘာသာ၊ သာသနာအကျိုးကို တစ်ဖက်တစ်လမ်းမှ စွမ်းဆောင်ပေးခဲ့သည့် အတွက်လည်း များစွာဂုဏ်ယူလေးစားမိပါသည်။ 

     ယခုကဲ့သို့ ဆရာကြီး ကွယ်လွန်သွားခြင်းသည် ဆရာကြီး၏မိသားစုများ၊ တပည့်များ၊ စာဖတ်ပရိသတ်များ၊ စာပေလောကသားများအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်သောကြောင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲ ရပါကြောင်း ဖော်ပြအပ်ပါသည်။
ဆရာကြီး ကောင်းရာသုဂတိရောက်ပါစေ။
 

Share it now!