တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၅)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း

Thursday, October 15, 2020 - 18:00

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)

ချုပ်ဆိုခြင်း (၅)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်း

              ချစ်ခင်လေးစားအပ်ပါတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-

လွန်ခဲ့တဲ့(၅)နှစ် ယခုလိုအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မှာပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေး

ဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနဲ့နိုင်ငံတကာအသိသက်သေများနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပုဂ္ဂိုလ်များအပေါင်းကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နဲ့ပြည့်စုံပြီး တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုးထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆို ခဲ့တဲ့ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။  ဒီစာချုပ်မှာကျွန်တော်ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်  သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ဒီမိုကရေစီပထမအစိုးရလက်ထက် ဒီအချိန်မှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အထင်ကရ မှတ်တိုင်ဖြစ်တဲ့ NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး (Ceasefire)လို့ အမည်တပ်ထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ရည်မှန်းချက်ထက် ပိုမိုနက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေ၊ အကျိုးတရားတွေ၊ စစ်မှန်ခိုင်မာ မှန်ကန်တဲ့ ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကိုလျှောက်လှမ်းနိုင်မယ့် အာမခံချက်တွေ၊ တိုင်းရင်းသားတွေလိုလားနေတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်ဆိုတဲ့ အာမခံချက်တွေ  ဒီစာချုပ်မှာ အကုန်ပါဝင် နေတာကို အားလုံးသိရှိပြီးဖြစ်ကြမှာဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး အတူတကွ ယှဉ်တွဲနေထိုင် ခဲ့ရာ နိုင်ငံလည်းဖြစ်ပါတယ်။ ၁၉ ရာစုအတွင်း ကမ္ဘာကိုနယ်ချဲ့လွှမ်းမိုးလာတဲ့ အင်္ဂလိပ်တို့ဟာ မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲပြီး ၁၈၂၄ ခုနှစ်မှာ ရခိုင်၊ တနင်္သာရီဒေသ၊ ၁၈၅၂ ခုနှစ်မှာ အောက်မြန်မာနိုင်ငံနဲ့ ၁၈၈၅ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့တယ်။ ဒါ့ကြောင့် ရခိုင်၊ တနင်္သာရီဒေသဟာ နယ်ချဲ့လက်အောက် ၁၂၄ နှစ်၊ အောက်မြန်မာနိုင်ငံဟာ ၉၆ နှစ်၊ မြန်မာနိုင်ငံတစ်ခုလုံးဟာ ၆၃ နှစ် နယ်ချဲ့တွေရဲ့လက်အောက်မှာနေခဲ့ရပါတယ်။

နယ်ချဲ့တို့ဟာ မြန်မာနိုင်ငံကို သူတို့ရဲ့အင်ပါယာလက်အောက်ခံ နိုင်ငံအဖြစ် သိမ်းသွင်းပြီးကတည်းက မြန်မာ့လွတ်လပ်ရေးဟာ ဆုံးရှုံးခဲ့ရသလို ဘုရင်စနစ်အုပ်ချုပ်ရေး ကိုလည်းအဆုံးသတ်အောင် အုပ်ချုပ်ရေးပုံစံ အမျိုးမျိုးနဲ့ဆောင်ရွက်ခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ် တွေဟာ ဗမာနဲ့တိုင်းရင်းသားတွေပူးပေါင်းမိပြီး အင်အားတောင့်တင်းလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသားဒေသတွေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကို သွေးခွဲ အုပ်ချုပ်နိုင်ရေး အက်ဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စီရင်အုပ်ချုပ်မှုအက်ဥပဒေ စတာတွေပြဋ္ဌာန်းပြီး ဒီဥပဒေတွေနဲ့ သူတို့လိုလားတဲ့အုပ်ချုပ်မှု ပုံစံသိမ်းသွင်းခဲ့တာကို ကျွန်တော်တို့ တိုင်းရင်းသား ညီနောင်များသတိပြုစေချင်ပါတယ်။ ဒီလိုဥပဒေတွေ၊ သွေးခွဲအုပ်ချုပ်မှု တွေကြောင့် တိုင်းရင်းသားတွေဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာ၊ ပြည်နယ်၊ ပြည်မတွေ အထင်အမြင်လွဲ သွေးကွဲခဲ့တာတွေဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက သယံဇာတတွေထုတ်ယူဖို့ လုပ်ခဲ့တာကလွဲရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှလုပ်ခဲ့တာမရှိပါဘူး။ ဥပမာ-ဧရာဝတီမြစ်ကူးတံတားဆိုရင် တစ်စင်းပဲရှိခဲ့တာကို တွေ့နိုင်ပါတယ်။ မြန်မာတို့ကို လွတ်လပ်ရေးပေးဖို့ အခြေအနေရှိလာတဲ့အခါ တိုင်းရင်းသားဒေသ တွေချန်လှပ်ထားနိုင်ဖို့အထိ သွေးခွဲမှုအရှိန်အဟုန်ပြင်းထန်လာအောင် ဆောင်ရွက်ခဲ့တဲ့အတွက် လွတ်လပ်ရေးရရှိနိုင်ဖို့ အထိ အချိန်ကာလများစွာယူခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ်မှာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီးကို တညီတညွတ်တည်း အတည်ပြုပြဋ္ဌာန်း လက်မှတ်ရေးထိုးနိုင်ခဲ့လို့ လွတ်လပ်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်းပေါ်ထွန်းလာခဲ့ပါတယ်။    

အဲ့ဒီခေတ်ကာလ နယ်ချဲ့ကိုလိုနီလက်အောက်နိုင်ငံအချို့ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွေကို လေ့လာကြည့်ရင်လည်း ဖိနှိပ်ခံရမှု၊ သွေးခွဲခံရမှု၊ လွတ်လပ်ရေး မပေးရအောင် ပြည်တွင်းစစ်များဖန်တီးမှု၊ မလွဲသာလို့ လွတ်လပ်ရေးပေးရတော့မယ် ဆိုလည်း အဲ့ဒီနိုင်ငံလွတ်လပ်ပြီးမကြာခင် တစ်နည်းတစ်ဖုံအားဖြင့် သူတို့အနေနဲ့ပြန်လည် လွှမ်းမိုးမှုရနိုင်အောင်ဆောင်ရွက်ထားမှု စတဲ့နည်းမျိုးစုံဖြင့် ပြိုကွဲအောင် ထိုးနှက်တိုက်ခိုက် ဆောင်ရွက်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့နိုင်ငံကိုလည်း လွတ်လပ်ရေးနဲ့ ဝေးအောင်သွေးခွဲခဲ့တယ်။ လွတ်လပ်ရေးမပေးမဖြစ်ပေးရမယ့် အခြေအနေရှိလာပြန်တော့လည်း ခွဲထွက်ရေး၊ ကွဲအက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ ဆက်တိုက်ဖန်တီးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ်ရေးရစမှာပင် နယ်ချဲ့ဆိုးမွေအဖြစ် ပါလာတဲ့ သွေးကွဲမှုအခြေခံ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် အရောင်အသွေးစုံတဲ့အတွက် ပြည်သူကခေါ်တဲ့ ရောင်စုံသောင်းကျန်းမှုကြီး ပေါ်ပေါက်လာခဲ့တာ ယနေ့ဆို နှစ်ပေါင်း ၇၀ ကျော်မျှ ရှိနေပါပြီ။ လွတ်လပ်ရေးရပြီး နိုင်ငံ့တာဝန်ယူခဲ့ရတဲ့အစိုးရအဆက်ဆက်က သောင်းကျန်းမှုချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့ကို ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အမျိုးမျိုးသော အကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့ အပြည့်အဝ မအောင်မြင်ခဲ့ကြရတာဖြစ်ပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့ခေတ်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီ အစိုးရတို့အုပ်ချုပ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ပါတီစုံစနစ်ကို သွားနိုင်ဖို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုများနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ မငြိမ်မသက်မှုများကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို လွှဲပြောင်း ရယူခဲ့ပြီး နိုင်ငံရဲ့သမိုင်းဖြစ်စဉ်အရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသား နိုင်ငံရေးအဖြစ်ခံယူခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခြင်းတွေကို စေတနာမှန်စွာဖြင့် ဖိတ်ခေါ်ခဲ့ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့လို့လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ဆက်တိုက် ငြိမ်းချမ်းရေးရယူနိုင်ခဲ့လို့ တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသားလူမျိုးအရေးကို မိမိတို့သွေးချင်းများရဲ့ အရေးလို့သဘောပိုက်ပြီး ခေတ် အဆက်ဆက်ဆောင်ရွက်ခဲ့ကြောင်း အသိပေးလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုများခင်ဗျား-  

တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးရယူခဲ့ရာမှာ ယာယီနေထိုင်ရေး နယ်မြေ ကန့်သတ်သဘောတူညီချက်တွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် သဘော တူညီချက်တွေစတဲ့ Gentleman Agreement တွေသာ ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်စွဲကိုင်ထားပြီး အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေ၊ အစိုးရ အပေါ်ယုံကြည်လို့ လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးကို အစစ်အမှန် မြတ်နိုးတာကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်တဲ့ အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပါတယ်။ ယနေ့အချိန်အခါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြခံ ဥပဒေမူဘောင်အတွင်း ကနေ နိုင်ငံရေးပါတီများထူထောင်ပြီး ရွေးကောက်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေကို တခြားသောနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးပမ်းနေကြတဲ့ လက်နက်ကိုင်အင်အားစုများလည်း ရှိနေခဲ့ကြတာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။ ယနေ့အချိန်အခါဟာ ပြည်သူလူထု လိုလား တောင့်တတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကိုအုပ်ချုပ်နေတာဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ဟာ ပြည်သူလူထုရဲ့ဆန္ဒပါ။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ အပြုအမူ၊ အလေ့အထ၊ လုပ်ဆောင်ချက်တွေရှိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒီမိုကရေစီစံနှုန်းတွေအတိုင်း၊ အများစုက လက်ခံသဘောတူညီချက်တွေအတိုင်းအခြေခံထား ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့အညီ ဒေသအားလုံးတူညီတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးကိုသွားဖို့လိုအပ်ပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ပြဒေသအကြား၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအကြား၊ ဒေသတစ်ခုနဲ့တစ်ခုအကြား ဆူကြုံနိမ့်မြင့်ကွဲပြားနေမှုကို ကွဲပြားမှု၊ ကွာခြားမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလမှာ ရွေးချယ်ခံအစိုးရအနေနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်တွေနဲ့အတူ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးဖြစ်စဉ်တွေကို သမိုင်းပေးလုပ်ငန်း တာဝန်အနေနဲ့ခံယူကာ တစ်ချိန်တည်းတစ်ပြိုင်တည်းထား ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ငြိမ်းချမ်းရေးမရရှိဘဲ အပြောင်းအလဲကိုသွားဖို့ ဆိုတာခက်ခဲမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပြီး ကဏ္ဍသစ်တစ်ရပ် ကျွန်တော်တို့ဖွင့်လှစ်ခဲ့ပါတယ်။  

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA)ကို အတူတကွ ညှိနှိုင်းရေးဆွဲခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်မှာ လိုင်ဇာညီလာခံကနေ အခြေခံပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ရေးဆွဲရေး သဘော တူညီမှုရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း)ရရှိခဲ့ပါတယ်။ ကျွန်တော် ဒါတွေကိုထည့်သွင်းပြောကြားရခြင်းဟာလည်း ငြိမ်းချမ်းရေးအတွက် ပြီးစလွယ်၊ အလျင်အမြန် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ ဘယ်လောက်ကြိုးစားလုပ်ကိုင်ခဲ့ရတယ်။ တွေ့ကြုံရတဲ့ အခက်အခဲ တွေကို ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ပေါင်းစည်းစွမ်းအားများနဲ့ ဘယ်လို ကျော်ဖြတ်ခဲ့ရတယ် ဆိုတာကိုအမှတ်ရစေဖို့နဲ့ နောင်ဆက်လက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် ခွန်အားတွေဖြစ်စေဖို့ဖြစ်ပါတယ်။ ပထမစာချုပ်မူကြမ်းကနေ NCA စာချုပ်အထိ သဘောတူညီမှုရရှိအောင် ၆ ကြိမ် ညှိနှိုင်းဆွေးနွေးကြရာမှာ အခန်းတစ်ခန်းချင်း၊ ပုဒ်မတစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ စာလုံးအသုံးအနှုန်းတစ်ခုချင်းကို အသေးစိတ် အကျေအလည်ဆွေးနွေးပြီး အားလုံးသဘောတူညီချက်ရရှိပြီးမှ စာချုပ်မှာ ထည့်သွင်း ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

NCA ထဲမှာပါဝင်တဲ့ သဘောတူညီချက်အားလုံးနီးပါးဟာ တိုင်းရင်းသား လက်နက်ကိုင်များဘက်က တင်ပြချက်များအပေါ်အခြေခံပြီး အစိုးရနဲ့တပ်မတော်ဘက်က ညှိနှိုင်းပေးခဲ့တာပဲဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထား ကြီးမှု၊ အနစ်နာခံကြိုးစားအားထုတ်မှုတွေကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နဲ့ သမိုင်းဝင် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ယနေ့ဆိုလျှင် (၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၂ ဖွဲ့နဲ့ ထပ်မံ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ NCA ဖြစ်ပေါ်လာမှုဟာ ခက်ခက်ခဲခဲနက်နက်ရှိုင်းရှိုင်းနဲ့ ကြိုးပမ်းခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပါဝင်သူများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

NCA စာချုပ် လက်မှတ်ရေးထိုးအပြီး ၄ နှစ်တာကာလအတွင်းမှာ နောက်ထပ် ၂ ဖွဲ့ နဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် ၅ နှစ်တာကာလအတွင်းမှာတော့ ထိထိရောက်ရောက် တိုးတက်မှုမပြနိုင်ဘဲ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ရဲ့ အစိတ်အပိုင်း များကိုသာ သဘောတူညီမှုရရှိနိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ စောစောစီးစီးချုပ်ငြိမ်းလေ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကလည်း စောစောစီးစီးရမှာဖြစ်တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး NCA လမ်းကြောင်းကို စောနိုင်သမျှစောစော လျှောက်လှမ်းဖို့ တိုက်တွန်းလိုပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

NCA စာချုပ်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လို့ အမည်တွင်ပေမယ့် စာချုပ်ထဲမှာပါဝင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်ပါတယ်။ NCA ရဲ့ အခြေခံမူတွေထဲမှာ လက်နက်ကိုင် ပဋိပက္ခများအဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ်ကိုထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူထားကြတာဖြစ်ကြတဲ့အတွက် NCA မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့အညီ နိုင်ငံရေးဆွေးနွေးမှုရလဒ်များကနေ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ NCA စာချုပ်ဟာ လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီပြည်ထောင်စုဖြစ်စေဖို့ လမ်းခင်းပေးထားတာပဲဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ တောင်တန်း၊ ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးရရှိနိုင်ဖို့ကြိုးပမ်းခဲ့တဲ့ ပင်လုံစိတ်ဓာတ် (ပြည်ထောင်စုစိတ်ဓာတ်)ကိုအခြေခံပြီး တညီတညွတ်တည်း အတည်ပြုပြဋ္ဌာန်း လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ဟာ လွတ်လပ်ရေးအတွက် အစဟုဆိုလျှင် ယနေ့ကျွန်တော်တို့လက်ထက်မှာ ပေါ်ပေါက် လာခဲ့တဲ့ NCA ဟာလည်း ငြိမ်းချမ်းရေးရဲ့အခြေခံအုတ်မြစ်လို့ဆိုရမှာဖြစ်ပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားအရေး ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ-၂၂ မှာ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစားရေးနဲ့ ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေဖို့၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေပါဝင်တဲ့  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက်ရမယ်။ ပုဒ်မ-၄၉ မှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ပြည်ထောင်စုနယ်မြေ များအဖြစ် ခွဲခြားသတ်မှတ်ပေးခြင်း၊ ပုဒ်မ-၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ သတ်မှတ်ပေးခြင်း၊ ပုဒ်မ-၂၆၁(ခ)(ဂ) အရ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနဲ့ အခန်း(၈) " နိုင်ငံသူ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ တာဝန်များ " ပါအချက်တွေအရ  တိုင်းရင်းသားများ အားလုံးကို အခွင့်အရေးတူပေးအပ် ထားပါတယ်။ ဒေသအကြီးအသေး ကွဲပြားခြားနားတာ၊ လူဦးရေနဲ့မျိုးနွယ်စု ကွဲပြားခြားနား တာတွေရှိနေပေမယ့် တိုင်းရင်းသားအားလုံးရရှိခံစားရတဲ့အခွင့်အရေးကတော့ တန်းတူညီမျှ ရှိတယ်လို့ဆိုနိုင်ပါတယ်။

ကျွန်တော်တို့တပ်မတော်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိမိတို့ ဒေသအကျိုးကို မိမိတို့ကိုယ်တိုင် ပိုမိုဖော်ဆောင်နိုင်ဖို့၊ သက်ဆိုင်ရာ ဒေသခံပြည်သူများ အနေနဲ့ ဒီမိုကရေစီအနှစ်သာရကို ပိုမိုရရှိခံစားနိုင်ဖို့ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာတိုင်ဒေသကြီး၊ ပြည်နယ်လွှတ်တော်က ရွေးချယ် ခန့်ထားနိုင်ဖို့လိုလားပါတယ်။ ဒီနေရာမှာ ပြည်သူလူထုက ဒီမိုကရေစီစနစ်အရ ရွေးချယ် တင်မြှောက်တာကို လက်ခံရမှာပဲဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ပြောင်းလဲရေး ပထမ ကာလမှာပဲ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး ပထမလွှတ်တော်သက်တမ်း ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချို့အချက်များကို ပြင်ဆင်၊ ဖြည့်စွက် ပေးနိုင်ခဲ့ပါတယ်။         

ကျွန်တော်တို့နိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသလို နိုင်ငံရေးမူဝါဒကို အခြေခံဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများ၊ နယ်မြေဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေကို အခြေခံပြီးဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများဆိုပြီး မျိုးစုံရှိကြပါတယ်။ အင်အားကြီးပါတီဟာ ၂ ခု ထက်မကရှိသလို ပါတီငယ်များစွာလည်းရှိပါတယ်။ တိုင်းရင်းသားလူမျိုးတွေ ပေါင်းစည်းစုစည်းနေထိုင်တဲ့ ပြည်ထောင်စုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ နိုင်ငံ့အရေးကိုဆောင်ရွက်ကြမယ့် နိုင်ငံရေးပါတီများဟာ နိုင်ငံတော် တည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုပါဝင်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အချိုးကျကိုယ်စားပြုခြင်းစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသား ပြည်သူများ ဥပဒေပြုလွှတ်တော်တွေမှာ ပိုမိုကိုယ်စားပြုခွင့်ရရှိမှာဖြစ်ပြီး ပြောရေးဆိုခွင့်လည်း ရရှိလာမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုကြီးများသာမက တိုင်းရင်းသား လူမျိုးစုငယ်များအနေနဲ့လည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် တွေမှာသာမက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာပါဝင်နိုင်တဲ့ အခွင့်အရေး ပိုမိုရရှိပြီး မိမိဒေသအကျိုး၊ လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့နိုင်ငံဟာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်ကို အမြန်ဆုံးသွားရောက်နိုင်မှာဖြစ်ပါတယ်။  

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် မိမိတို့မှာရှိတဲ့ စွမ်းအားတွေကို ထိထိရောက်ရောက်အသုံးချပြီး ခိုင်မာမှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်သူတွေ လူမှုဘဝအေးချမ်းစွာနေထိုင်စေဖို့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ တိုင်းရင်းသားဒေသများသို့အရောက် သွားရောက်ကာ လက်တွေ့ပါတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယနေ့ကမ္ဘာမှာ COVID-19 ရောဂါဖြစ်ပွား လျက်ရှိရာ တပ်မတော်အနေနဲ့ COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ရေး အထောက်အကူပြုပစ္စည်းများကို (NMSP) မွန်အဖွဲ့၊ UWSA (ဝ) အဖွဲ့၊ KIO/ KIA အဖွဲ့၊ KNU အဖွဲ့၊  KNU/ KNLA (PC) အဖွဲ့၊  KKO အဖွဲ့၊ SSPP/SSA အဖွဲ့၊ KNPP အဖွဲ့၊ RCSS/SSA အဖွဲ့၊ NDAA (မိုင်းလား)အဖွဲ့တွေသာမက နာဂ၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့်၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများ၊ အင်းလေးဒေသမှ တိုင်းရင်းသားများအတွက် တပ်မတော်က ၎င်းတို့ရှိရာဒေသသိုသွားရောက် ကူညီထောက်ပံ့ပေးခြင်းဖြင့် တိုင်းရင်းသားတို့အပေါ် အမြဲအလေးထားလျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက် နိုင်ရေးအတွက် ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း ၃ ကို ၂၀၂၀  ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ သဘောတူညီ ခဲ့ပြီးဖြစ်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အစိတ်အပိုင်း ၃ ပိုင်းမှာ သဘောတူညီချက်စုစုပေါင်း ၅၄ ချက်ချမှတ်ကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ဒီပြည်ထောင်စုသဘောတူညီချက် စာချုပ်အစိတ်အပိုင်းများကို လွှတ်တော်မှာဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ယခု လောလောဆယ်မှာ ကျွန်တော်တို့ ဖြတ်သန်းရမယ့် လတ်တလော အရေးကိစ္စနှစ်ခုရှိပါတယ်။ COVID-19 ရောဂါကိစ္စနဲ့ ရွေးကောက်ပွဲတို့ပဲဖြစ်ပါတယ်။ COVID-19 ရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ ယခုနှစ်စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး Second Wave အဖြစ် ပြန်လည်ဖြစ်ပွားလျက်ရှိကာ ရောဂါပိုးတွေ့ရှိသူ သောင်းဂဏန်းကျော်နှင့် သေဆုံးသူများလည်း ရာဂဏန်းကျော်သွားပြီဖြစ်ပါတယ်။ သို့သော်လည်း ယခုလိုရောဂါကူးစက် ပြန့်ပွားမှုကို ကြောက်ရွံ့မနေဖို့နဲ့ ရောဂါကာကွယ်ကုသဆေး ပြည့်ပြည့်စုံစုံမရရှိသေးတာကိုလည်း လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေဖို့မလိုကြောင်း အားပေးပြောကြားလိုပါတယ်။ COVID-19 ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို အလေးထားပြီး တိကျစွာ စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် စည်းကမ်းကောင်းတဲ့ နိုင်ငံသားများအဖြစ်နဲ့ကျွန်တော်တို့ ကျော်လွှားသွားနိုင်မှာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပွားနေတဲ့အတွက် သန်း ၇၀၀၀ သော လူသားများရဲ့ လူမှုစီးပွားတွေကျဆင်းတယ် ဆိုသော်လည်း စားနပ်ရိက္ခာရောင်းဝယ်မှုဟာ မကျဆင်းပါဘူး။ စားရေးဟာ လူတိုင်းအတွက် လိုအပ်တာဖြစ်လို့ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက် ရနိုင်သရွေ့ ကြိုးစားထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေ၊ နိုင်ငံ့ဝင်ငွေရရှိအောင်လုပ်ဆောင်ကြဖို့ တိုက်တွန်း လိုပါတယ်။ ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မိဘပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် တပ်မတော်အနေနဲ့ စွမ်းအားရှိသမျှ ပြည်သူများနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မကြာခင်ကာလမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ အဲဒီစနစ်ရဲ့အသက်ပဲဖြစ်ပါတယ်။ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုအပ် ပါတယ်။ ဒီရွေးကောက်ပွဲမှာ "ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်နဲ့ တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်မယ့်၊ ဥပဒေကို စိတ်ဝင်စားအလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေ ရရှိရေး ဂရုတစိုက်စိစစ်ရွေးချယ်သွားဖို့ " အသိပေးလိုပါတယ်။ ဒါမှသာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှာပဲဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ NCA သမိုင်းကြောင်းဟာ ကာလ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

တပ်မတော်အနေနဲ့-

  • တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းမှုရှိရေးဟာ အဓိက ကျတဲ့အတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးကို ဒို့တာဝန်အရေး(၃)ပါး မူဘောင်မှလည်း မလွတ်ကင်း၊ NCA လမ်းကြောင်းမှလည်း သွေဖည်မသွားဘဲ တိုင်းရင်းသား ညီနောင်များနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသားညီနောင် များကလည်း ပူးပေါင်းပါဝင်သွားကြပါ။
  • NCA စာချုပ်မှာလက်မှတ်ရေးထိုးဖို့ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး ဆန္ဒကိုတန်ဖိုးထားပြီး မိမိတို့လက်ထက်မှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံ ပီပြင်စွာပေါ်ထွန်းလာစေရေး လက်မှတ်ရေးထိုး သွားကြဖို့နဲ့ လက်မှတ်ရေးထိုးထားပြီးသားအဖွဲ့များအနေနဲ့လည်း NCA လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းကာ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ခိုင်မာတဲ့ အင်အားသစ်များအဖြစ် လက်တွဲဆောင်ရွက်ကြပါ။
  • ပင်လုံစာချုပ်ဟာ ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ စည်းလုံး ညီညွတ်မှုကို အသိအမှတ်ပြုတဲ့ပြယုဂ်ဖြစ်သလို NCA ဟာလည်း နှစ်ကာလ များစွာကဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ၊ ယုံမှားသံသယတွေ ကင်းစင်လွှင့်ပျောက် စေတဲ့  ငြိမ်းချမ်းရေးရဲ့ပြယုဂ်လို့ သဘောထားအသိအမှတ်ပြုကာ စာချုပ်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်အကောင်အထည်ဖော်ကြပါ။
  • အခြေခံဥပဒေမှာ ပြင်ဆင်သင့်တာများ ပြင်ဆင်ခြင်းဖြင့်   တိုင်းရင်းသား များရဲ့ ကိုယ်စားပြုမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်မှာဖြစ်ပြီး မိမိဒေသ အကျိုး၊ လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 
  • အားလုံးကို ကျေးဇူးတင်ပါတယ်။

 

Share it now!