ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်တပ်နယ်နှင့် ပခုက္ကူတပ်နယ်တို့မှ အရာရှိ၊စစ်သည်၊မိသားစုများအား တွေ့ဆုံ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဘာသာရေးကျောင်း များသို့ စားသောက်ဖွယ်ရာများပေးအပ်

Sunday, October 18, 2020 - 17:00

 

 

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်တပ်နယ်နှင့် ပခုက္ကူတပ်နယ်တို့မှ အရာရှိ၊စစ်သည်၊မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဘာသာရေးကျောင်း များသို့ စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ- ၁၈

            ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့တွင် ပြင်ဦးလွင်တပ်နယ်နှင့်

ပခုက္ကူတပ်နယ်တို့မှ အရာရှိ၊စစ်သည်၊မိသားစုများအား သက်ဆိုင်ရာတပ်နယ်ခန်းမအသီးသီး၌ သီးခြားစီ တွေ့ဆုံ အမှာစကားပြောကြားသည်။

            အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးနှင့် ပြင်ဦးလွင်တပ်နယ်နှင့် ပခုက္ကူ၊ ရေစကြို၊ စလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

            ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင်  COVID-19  ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ သတ်မှတ် ထားသည့်စည်းကမ်းချက်များအပေါ် တစ်ဦးချင်းလိုက်နာရန်လိုအပ်သည့်အခြေအနေများ၊ ရောဂါကာကွယ်ရာတွင် ကိုယ်ခံစွမ်းအားကောင်းမွန်စေရန် အဟာရပြည့်၀သည့် လတ်ဆတ် သောအသား၊ငါး၊အသီးအရွက်များ စားသောက်နိုင်ရန် တပ်မတော်မှ စီစဉ်ဆောင်ရွက် ပေးထားမှုအခြေအနေများ၊ COVID-19  ရောဂါကူးစက်မှုနှုန်းသည် နေ့စဉ်မြင့်မားလာ သည့်အခြေအနေများ၊တပ်တွင်းစည်းလုံးညီညွတ်ရေးကို ရေပတ်မဝင်တည်ဆောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်၊မူဝါဒများကို သိရှိလိုက်နာလျက် အောင်မြင်အောင်ဖော်ဆောင်ရွက်နိုင်ရေး၊နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ပေးရမည့် ဆန္ဒမဲများသည် ခိုင်မာမဲဖြစ်စေရန် အရေးကြီးသည့်အခြေအနေ၊ ရွေးကောက်ပွဲ ကော်မရှင်မှအသိပေးကြေညာချက်များကို သိရှိနားလည်အောင်ဆောင်ရွက်ရေးအခြေအနေနှင့် နိုင်ငံ့အကျိုး၊ဒေသအကျိုး၊ ဘာသာ သာသနာအကျိုးကိုဖော်ဆောင်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ ဒို့တာဝန်အရေး (၃)ပါးကိုလက်ခံ လိုက်နာစောင့်ရှောက်ထိန်းသိမ်းနိုင်မည့်ပုဂ္ဂိုလ်များ၊ တပ်မတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကိုနားလည်လက်ခံဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်အပြင် ရည်ရွယ်ချက်ရှိရှိဖြင့်နောက်ကွယ်မှပံ့ပိုးထောက်ပံ့မှုကင်းရှင်းသည့် လူ ပုဂ္ဂိုလ်၊ပါတီအဖွဲ့အစည်းများကို သတိပညာဉာဏ်မြေကတုတ်ဖြင့် စဉ်းစားချင့်ချိန်၍ အသဲကြားမှမဲတစ်ပြားကို ခိုင်လုံမဲအဖြစ် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး အသေးစိတ် ရှင်းလင်းမှာကြားသည်။

            ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များက ပြင်ဦးလွင်တပ်နယ်နှင့် ပခုက္ကူတပ်နယ်တို့မှ  အရာရှိ၊ စစ်သည်၊မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ သုတ၊ ရသ၊ စာအုပ်၊စာစောင်များ နှင့်အားကစားပစ္စည်းများကိုပေးအပ်ရာ တပ်နယ်အလိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

            ယနေ့နံနက်ပိုင်းတွင်လည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေး ဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ သို့သွား ရောက်၍ အိမ်ရာတွင်နေထိုင်သည့် စစ်မှုထမ်းဟောင်း များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ်လေးမျိုးကို ထောက်ပံ့ပေးအပ်ပြီး စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

            ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ ရှင်မသဲကချင်နှစ်ခြင်း ခရစ်ယာန်အသင်း တော်နှင့် စိန့်မေရီခရစ်ယာန်ဘုရားရှိခိုးကျောင်း တို့သို့သွားရောက်၍ စားသောက်ဖွယ်ရာ များ ပေးအပ်လှူဒါန်းရာ သင်းအုပ်ဆရာတော်   Rev.Z.Gan Je၊ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ Thomas  ထွန်းဝင်းထွန်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

            ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ခရစ်ယာန်အသင်းတော်နှင့် စိန့်မေရီခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့အတွက် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ COVID-19  ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဘာသာရေးခေါင်းဆောင်များအနေဖြင့် သက်ဆိုင်ရာ ပညတ်၊ ဝိနည်း၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်သွားလာရသောကြောင့် စားရေးတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သည့် အခြေအနေများ၊ ထို့ကြောင့် ဘာသာရေး အဖွဲ့အစည်း များအတွက် စားရေးကဏ္ဍတွင် တစ်ဖက်တစ်လမ်း၊ တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်သားများ၊ မိသားစုဝင်များမှ ရိက္ခာနှင့် COVID-19  ရောဂါ ကာကွယ်ရေးဆိုင်ရာထောက်ပံ့ပစ္စည်းများအား တတ်နိုင်သရွေ့ လာရောက် လှူဒါန်းခြင်းဖြစ်သည့် အခြေအနေများကို ပြောကြားသည်။

            ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ခရစ်ယာန်အသင်းတော်နှင့် စိန့်မေရီခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့အတွက် တစ်ကျောင်းလျင် ဆန် ၅၀ အိတ်နှင့် ကြက်ဥ ၁၀၀၀ လုံး တို့ကို ပေးအပ်လှူဒါန်းရာ ဘုန်းတော်ကြီး များက အသီးသီးလက်ခံရယူကြပြီး ကျေးဇူးတင်စကားနှင့် ဆုတောင်းမေတ္တာစကားများ ပြန်လည်ချီးမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

           

 

Share it now!