တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၁)

Wednesday, November 4, 2020 - 04:30

 

 

မေး။ မင်္ဂလာပါရှင့်။ ကျွန်မတို့ ပေါ်ပြူလာ News ဂျာနယ်ကို အခုလို အင်တာဗျူးဖြေပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်ရှင်။ ပထမဦးဆုံးအနေနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ တရားဝင်ဖော်ပြထားတဲ့

ကိုယ်ရေးအချက်အလက်တွေကို လူတော်တော်များများလည်း သိရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် လူသိနည်းနေသေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ငယ်ဘဝဖြတ်သန်းမှုအကြောင်းကစပြီး မိတ်ဆက်ပြောကြားပေးပါရှင်။

ဖြေ။ လူတွေတော်တော်များများ စိတ်ဝင်စားမယ့်ကိစ္စပဲဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော့်ကိုအများအားဖြင့်သိကြတာက ထားဝယ်ကဆိုပြီးသိကြတာပေါ့။ မိဘနှစ်ပါးလုံးက ထားဝယ်ဇာတိတွေဖြစ်ကြပါတယ်။ ဒါပေမယ့်ကျွန်တော်က ထားဝယ်မှာမွေးတာ မဟုတ်ဘူး။ ကျွန်တော်မွေးတာက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာမွေးတာပါ။ မိဘတွေက အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် မိဘတွေကမင်းဘူးမြို့မှာ တာဝန်ထမ်းဆောင် ကြပါတယ်။ မကွေးတိုင်းမှာပညာရေးဝန်ထမ်းဖြစ်ပါတယ်။ မင်းဘူးမှာ ကျွန်တော် မွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်မင်းဘူးမှာလည်း ကျွန်တော် ၅ နှစ်လောက်ပဲနေပြီး အဖေက မန္တလေးဆရာအတတ်သင်သိပ္ပံကျောင်း (STTC) လို့ အကြမ်းဖျင်းမှတ်မိပါတယ်။ ပန်းချီဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာပါ။ မန္တလေးကို ရောက်ပြီး မူလတန်း ပညာစသင်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အဖေက ရန်ကုန်ကိုပြောင်းပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဝန်ကြီးဌာန ပြောင်းလိုက် ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ အနုပညာနဲ့ပတ်သက်တဲ့ ဌာနရှိပါတယ်။ အကြမ်းဖျင်းပြောရရင် ပန်းချီနဲ့ပန်းပုတွေကို တာဝန်ယူရတဲ့ဌာနတစ်ခုပါ။ အဲ့လောက်ပဲ ကျွန်တော်မှတ်မိပါတယ်။ ပန်းပုဘက်က ဦးဟန်တင်၊ ပန်းချီဘက်က ကျွန်တော့်အဖေ ဦးခင်လှိုင် သူတို့နှစ်ယောက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တာဝန်ယူကြရတာ ဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်က အဲ့လိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီး နေခဲ့ရပါတယ်။ လူတွေသိတာက ကျွန်တော့်ကို ထားဝယ်လို့သိကြပါတယ်။ မှန်ပါတယ် ကျွန်တော့် မိဘက ထားဝယ်၊ ကျွန်တော်သည်လည်း ထားဝယ်ပါပဲ။ ထားဝယ်တိုင်းရင်းသားပါ။ ထားဝယ်တိုင်းရင်းသားလည်း ဗမာအုပ်စုထဲမှာပါတဲ့ ထားဝယ်တိုင်းရင်းသားပါ။ ငယ်ငယ်က အကြောင်းက ဒီလောက်ဆိုရမယ်ထင်ပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ အိမ်ထောင်က ဘယ်တုန်းက ကျခဲ့တာပါလည်းရှင့်။

ဖြေ။ အိမ်ထောင်က ၁၉၈၀ ခုနှစ်လောက်ကကျပါတယ်။ ကျွန်တော် Senior Lieutenant ဖြစ်တဲ့အချိန်မှာ အိမ်ထောင်ကျပါတယ်။ ရန်ကုန်မြို့မှာပါပဲ အိမ်ထောင်ကျပါတယ်။

မေး။ ကျွန်မတို့သိထားတာက ဗိုလ်ချုပ်မှူးကြီးက ဥပဒေကျောင်းကို ၃ နှစ်လောက်တက်ပြီးတော့မှ DSA ကို Join တာလားရှင့်။

ဖြေ။ ရန်ကုန်တက္ကသိုလ်မှာ ၁၉၇၂ ခုနှစ်က ဥပဒေပညာအဓိကနဲ့ကျောင်းတက်တယ်။ အဲ့နှစ်က စစ်တက္ကသိုလ်တက်ဖို့အတွက်မဆောင်ရွက်ခဲ့ဘူး။ နောက်နှစ် ၁၉၇၃ ခုနှစ်မှ စစ်တက္ကသိုလ်ကိုလျှောက်ခဲ့တယ်။ ၁၉၇၂ ခုနှစ် မှ ၁၉၇၃ ခုနှစ်အထိ ဥပဒေပညာ First Year တက်ခဲ့တယ်။ ၁၉၇၃ ခုနှစ်မှာ Second Year ဒီဇင်ဘာလအထိ First Term တက်ခဲ့တယ်။ ပြီးတော့မှ ၁၉၇၄ ခုနှစ် ဇန်နဝါရီလမှာ စစ်တက္ကသိုလ်အမှတ်စဉ်(၁၉) ဗိုလ်လောင်းသင်တန်းကို စတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့တစ်နှစ်ခွဲလောက် ဥပဒေပညာဌာနမှာကျွန်တော် ကျောင်းတက်ခဲ့ပါတယ်။ တတိယနှစ်တော့မဟုတ်ပါဘူး။ Second Year First Term ပြီးတဲ့အထိတက်ခဲ့ပါတယ်။

မေး။ ဟုတ်ကဲ့ပါရှင့်။ တစ်ဆက်တည်း တပ်မတော်အရာရှိငယ်ဘဝမှာ မြန်မာပြည်နိုင်ငံအနှံ့အပြားမှာ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ရပုံကို အကျဉ်းအားဖြင့်သိရှိလိုပါတယ်။ များသောအားဖြင့်တော့ တော်တော်များများက တိုင်းမှူးနောက်ပိုင်းကို ဗိုလ်ချုပ်မှူးကြီးအကြောင်းကိုသိကြပါတယ်။ ဒါ့ကြောင့် တိုင်းမှူးအရှေ့ပိုင်းက တပ်မတော်သားအရာရှိငယ်ဘဝကိုပိုပြီးတော့ ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော့်မိခင်တပ်ရင်းကတော့ အရင်ကပြောကြတာက အမှတ်(၁)ရှမ်း သေနတ်ကိုင်တပ်ရင်း မှော်ဘီမှာရှိတယ်။ အခုတော့ အမှတ်(၃၁၃) ခြေမြန်တပ်ရင်း ဖြစ်ပါတယ်။ အဲ့မှာဒုဗိုလ်ဘဝကနေ ဗိုလ်ကြီးအဆင့်ထိကို ၇ နှစ်ခွဲကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ပြီးတော့ ခလရ(၈၆) တနိုင်းကို ကျွန်တော်ပြောင်းတယ်။ အခု ခေါ်ကြတာတော့ အမှတ်(၃၁၃) ခြေမြန် တပ်ရင်းပေါ့၊ အရင်တုန်းကတော့ ရှမ်း(၁) ဆိုပြီး ပြောကြတယ်။ အဲ့တပ်ကတော့ သမိုင်းအစဉ်အလာရှိခဲ့တဲ့ တပ်ရင်းတစ်ရင်းပါ။ အဲ့တပ်မှာ ရှိတဲ့ တပ်ရင်းမှူးတွေလည်း အရာရှိတော်တော်များများက နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်ကြတဲ့လူတွေများပါတယ်။ ရှမ်း(၁)က ထွက်တဲ့အဖွဲ့တွေ။ နိုင်ငံတော် ကောင်စီဝင်တွေဖြစ်တယ်။ တိုင်းမှူးတွေဖြစ်ကြတယ်။ တပ်မတော်အကြီးအကဲတွေ၊ လူကြီးပိုင်းတွေဖြစ်ကြတယ်။ အထူးအားဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိခင်တပ်က ရှမ်း(၁)ပါ။ ကျွန်တော်နဲ့ရှေ့နောက်ပါ။ သူထွက်သွားပြီး အဲ့တပ်ကိုကျွန်တော် ရောက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်(ငြိမ်း)ကလည်း ရှမ်း (၁)မှာ တပ်ခွဲမှူး (ဗိုလ်မှူး)နဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော်ကရှမ်း(၁)ပေါက်ပါ။ ဒါကတော့ ရှမ်း (၁) ရဲ့ ထူးခြားချက်တွေပါ။ ဒီလိုပဲ ခလရ (၈၆) တနိုင်းကတပ်။ အဲ့မှာဆိုရင်လည်း လယ်/ဆည် ဝန်ကြီးဟောင်း ဗိုလ်ချုပ် ဌေးဦး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး သာအေးတို့က အဲ့တပ်က ထွက်တဲ့ အဖွဲ့တွေဖြစ်ပါတယ်။ အရင်ညွှန်ကြားရေးမှူး လုပ်သွားတဲ့ ဗိုလ်ချုပ် အောင်သိန်း ရှိပါတယ်။ ဗိုလ်ချုပ်အောင်သိန်းလည်း ခလရ(၈၆)က ထွက်တာပါ။ ကျွန်တော်က အစဉ်အလာရှိတဲ့ တပ်တွေမှာ ငယ်ငယ်က တာဝန်ထမ်းဆောင်ခဲ့တာတွေက ထူးခြားတိုက်ဆိုင်မှုလို့လည်းပြောချင်တယ်။ အဲ့ကနေ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင် ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ နောက်တပ်မ (၃၃) ကွပ်ကဲမှုအောက်ရှိတဲ့ ခမရ (၁၁၁) ဝန်းသိုမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မကြာသေးခင်ကပဲအဲ့တပ်ကို ကျွန်တော် ရောက်ခဲ့ပါသေးတယ်။ ဒါကတော့အရာရှိငယ်ဘဝပါ။ ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။

မေး။ ဗိုလ်ချုပ်မှူးကြီး ရခိုင်ပြည်နယ်ဖက်ကော တာဝန်ကျဖူးပါသလားရှင့်။

ဖြေ။ ကျွန်တော် တိုင်းမှူးတာဝန်ထမ်းဆောင်တဲ့ ၂၀၀၄ ခုနှစ်မှာ ပထမဆုံး ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလဖြစ်ပါတယ်။ အဲ့ကနေ ၂၀၀၅ ခုနှစ် ဧပြီလကုန်ထိ၊ မေလဆန်းမှာတော့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်အတွက် အမိန့်စာထွက်ပါတယ်။ ၆ လလောက် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျွန်တော့်အမျိုးသမီးရဲ့မိဘတွေကသံတွဲကဖြစ်ပါတယ်။

Share it now!