တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့်လက်ခံတွေ့ဆုံဖြေကြားမှုများ အပိုင်း(၂)

Wednesday, November 4, 2020 - 05:00

 

 

မေး။ မြန်မာပြည်အနှံ့ အဖေဝန်ထမ်းအနေနဲ့ ပြောင်းတုန်းကလည်းရောက်ခဲ့ဖူးတဲ့ နယ်မြေတွေရှိသလို ကိုယ်ကိုယ်တိုင်တာဝန်ထမ်းဆောင်တော့လည်းပဲ ရောက်ခဲ့တဲ့နယ်မြေတွေ တော်တော်စုံတယ်။ အဲ့တော့မြန်မာပြည်မှာ ဗိုလ်ချုပ်မှူးကြီး မရောက်ဖူးသေးတဲ့နေရာများ ရှိပါသေးလားရှင်။

ဖြေ။ နှစ်ပိုင်းခွဲပြောလို့ရပါတယ်။ တာဝန်ထမ်းဆောင်ပြီး သွားပြီးတော့နေရတဲ့နေရာတွေရှိသလို ကျွန်တော်စောစောကပြောတဲ့ တနိုင်းလိုနေရာမျိုး၊ ရှမ်းပြည်နယ်ဆိုရင်လည်း ကျိုင်းတုံလိုနေရာမျိုး၊ တောင်ကြီးလိုနေရာမျိုး၊ မှော်ဘီ၊ ရခိုင်ဆိုရင် စစ်တွေနဲ့အမ်း။ ဒါတွေက ကျွန်တော် Posting ကျပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ဝန်းသိုလိုနေရာမျိုး၊ စစ်ကိုင်းလိုနေရာမျိုး Posting ကျပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ တပ်ရင်းမှူးတာဝန်ထမ်းဆောင်တာက ဟုမ္မလင်း၊ ချင်းတွင်းမြစ်တစ်ကြောမှာရှိပါတယ်။ ကျွန်တော် ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါကတော့ appointment နဲ့ရောက်တဲ့နေရာတွေပေါ့။ သို့သော်လည်း ယာယီတာဝန်နဲ့သွားရတဲ့နေရာတွေ တစ်နိုင်ငံလုံးနီးပါးလောက်ရှိတယ်။ ရှမ်းပြည်နယ်ဆိုလည်း ကျွန်တော်မရောက်ဖူးတဲ့ နေရာမရှိသလောက်ပါပဲ။ ကယားပြည်နယ်လည်း ကျွန်တော်မရောက်ဖူးတဲ့နေရာမရှိသလောက်ပဲ။ ကချင်ပြည်နယ် တချို့မြို့နယ်တွေမရောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ် ပူတာအိုတို့ ခေါင်လန်ဖူးတို့ မချမ်းဘောတို့၊ နောင်မွန်တို့ အောက်ကဆိုလည်း တနိုင်းတို့၊ ရှင်ဘွေယမ်တို့ပြီးရင် ဒီဘက်တစ်ခြမ်းပေါ့ အောက်ကဆို မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ကသာ၊ ဒီဘက်တခြမ်းဆို အကုန်ရောက်ဖူးတယ်။ စစ်ကိုင်းတိုင်းဆိုလည်း ကျွန်တော်မရောက်ဖူးတဲ့နေရာမှတ်မိသလောက်တော့ မရှိသ‌လောက်ပဲ။ နောက်နာရီပိုင်းရောက်တဲ့နေရာရှိမယ်၊ ခဏတစ်ဖြုတ်ရောက်တဲ့ နေရာရှိမယ်၊ ညအိပ်တဲ့နေရာရှိမယ် ဒီလိုတော့ရှိမယ်။ ဒီလိုသွားတာကတော့တာဝန်ထမ်း‌ဆောင်တဲ့အပိုင်းတော့မဟုတ်ဖူးပေါ့။ တာဝန်အရသွားခဲ့တာတွေရှိပါတယ်။ မကွေးတိုင်း ကျွန်တော်ကိုယ်တိုင်လည်း မင်းဘူးမှာမွေးခဲ့တယ်ဆိုတော့ မကွေးတိုင်းလည်း စိတ်ဝင်စားတယ်။ ကျွန်တော်ရဲ့ဇာတိချက်မြှုပ်နေရာဖြစ်တာကို အဲ့တော့မကွေးတိုင်းလည်း အကုန်နီးပါးတော့ကျွန်တော်ရောက်ဖူးပါတယ်။ ပဲခူးတိုင်းလည်းအကုန်နီးပါးကျွန်တော်ရောက်ဖူးတယ်။ ဧရာဝတီတိုင်းလည်း ကျွန်တော် အကုန်နီးပါးရောက်ဖူးတယ်။ ကရင်ပြည်နယ်ဖာပွန်ဆိုလည်း ၄ ကြိမ် ၅ ကြိမ် နီးပါးရောက်ဖူးတယ်။ ကျန်တဲ့မြို့နယ်တွေလည်းအကုန်ရောက်ပါတယ်။ အဲ့တော့မရောက်ဖူးတဲ့ ဒေသကတော့ခပ်ရှားရှားပဲ တစ်နိုင်ငံလုံးနီးပါးကျွန်တော်ရောက်ဖူးပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ အဲ့ဒီအပေါ်မှာ တိုင်းပြည်ဟာလည်း လူမျိုးပေါင်းစုံနေထိုင်တာ ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ Cultural Difference တွေအပေါ်မှာ ခြုံငုံပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ သုံးသပ်မိတာရှိပါသလားရှင်။

ဖြေ။ ကွာခြားချက်တော့ရှိတယ်။ သူတို့ရောက်တဲ့နေရာမှာ တိုင်းရင်းသားတွေနဲ့ စကားပြောခဲ့တာရှိတယ်။ သူတို့တင်ပြချက်တွေ နားထောင်ခဲ့ရတာရှိတယ်။ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့မြင်ခဲ့ရတာတွေရှိတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်ရင်း ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ အများကြီးတွေ့ပါတယ်။ လိုအပ်ချက်တွေ၊ ကွာခြားချက်တွေ ရှိတာတော့အမှန်ပဲဖြစ်ပါတယ်။ ငြင်းလို့မရပါဘူး။ ဒါတွေကိုကျွန်တော်တို့က အများကြီးကိုဖြည့်ဆည်းပေးရမှာဖြစ်တယ်။ အထူးသဖြင့်တိုင်းရင်းသားဒေသတွေပေါ့၊ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေဆိုပြီးတော့လည်းပဲ မြို့နဲ့နီးတဲ့တိုင်း‌ဒေသကြီးတွေမှာလည်း၊ မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့နယ်မြေဒေသတွေ လိုအပ်ချက်တွေရှိနေတယ်။ ဥပမာဆိုရင်ဖြင့် နေပြည်တော်ဆိုရင် နေပြည်တော်နားတစ်ဝိုက်မှာရှိနေတဲ့ နေရာတွေတောင်မှ လိုအပ်ချက်တွေရှိတယ်။ နေပြည်တော်နှင့်ကွာခြားချက်ပေါ့။ ကျွန်တော်မကြာသေးခင်က မိတ္ထီလာနားလေးက မြို့နယ်တစ်ခု၊ ကျေးရွာတစ်ခုကျွန်တော်သွားရတယ်။ အတွေ့အကြုံတစ်ခုပြောပြမယ်။ ကားလမ်းဘေးဘာမှဝေးတဲ့နေရာမဟုတ်ဖူး၊ ကားလမ်းပေါ်ကနေဝင်သွားတာနီးနီးလေးပဲ၊ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ အဲဒီရွာမှာပင်လျှင် သူနဲ့နီးတဲ့မိတ္ထီလာတို့‌၊ ပျော်ဘွယ်တို့နဲ့တောင်မှ တော်တော်ကွာခြားချက်ရှိနေတာကို သွားတွေ့ တယ်။ ဒါဟာပြည်မထဲမှာရှိတဲ့‌ဒေသ၊ ပြည်နယ်မှာတော့ပိုပြီးတော့လိုအပ်ချက်ပိုရှိတာပေါ့။ ကျွန်တော်တို့က ဒါကိုအတတ်နိုင်ဆုံးဖြည့်ဆည်း‌ဆောင်ရွက်ပေးဖို့လိုတယ်လို့တော့ ကျွန်တော်သုံးသပ်ပါတယ်။ အခြေအနေအကြောင်းအကြောင်းတွေကြောင့်မလုပ်နိုင်လို့ရှိရင် လုပ်နိုင်တဲ့နေရာတွေမှာတော့လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ကြိုးစားရလိမ့်မယ်။ တစ်ဖက်ကလည်း လုပ်နိုင်အောင်လည်းကြိုးစားရလိမ့်မယ်။ ဒါကဘာလဲဆိုတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးရအောင်ကျွန်တော်တို့ကြိုးစားရမယ်၊ ဒါမှသာ တိုင်းရင်းသား‌ဒေသတွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ဖြည်းဆည်းပေးနိုင်လိမ့်မယ်။ ဒီလိုဖြည်းဆည်းပေးနိုင်မှလည်း သူတို့ရဲ့ခံစားချက်တွေ လျော့ပါးသွားမှာဖြစ်တယ်လို့ ကျွန်တော်သုံးသပ်လို့ရပါတယ်။

Share it now!