တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၃)

Wednesday, November 4, 2020 - 05:45

 

 

 

မေး။   COVID-19 နဲ့ပတ်သက်ပြီးမေးချင်တာပါ၊ တပ်မတော်အဖွဲ့အစည်းဆိုတာ အင်အားကလည်းများတယ်။ နောက်တစ်ခုက သူရဲ့လုပ်ပုံကိုင်ပုံတွေကလည်း စုပေါင်းပြီးတော့မှလေ့ကျင့်ရေးတွေစစ်ဆင်ရေးတွေ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကမ္ဘာ့ကပ်ရောဂါကူးစက်နိုင်မှုအနည်းဆုံးဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးတို့လိုမျိုး တပ်မတော်အကြီးအကဲတွေအနေနဲ့က ဘယ်လိုမျိုးစီမံဆောင်ရွက်ထားပါသလဲဆိုတာသိချင်ပါတယ်ရှင်။

ဖြေ။   တော်တော်လေးကျယ်ပြန့်တဲ့ဖြစ်စဉ်တစ်ခုပါ။ COVID-19 နဲ့ပတ်သက်ပြီး ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ စဖြစ်ခဲ့တာကိုလေ့လာတွေ့ရှိရတယ်။ ကျွန်တော်က ဇန်နဝါရီလမှာ စတင်သိရှိခဲ့ပါတယ်၊ စသိခဲ့ရတာက ဆေးဝန်ထမ်းညွှန်ကြားရေးမှူးနဲ့ပါရဂူအဖွဲ့တွေကလာတင်ပြတယ်၊ ဒီလိုတော့အခြေအနေတွေ့ရပါတယ်၊ ဒါပေမယ့် ဘာရောဂါမှန်းကျွန်တော်တို့မသိသေးပါဘူး၊ ဒါကတော့ကူးစက်မြန်တဲ့ရောဂါတစ်ခုဆိုတာကို အကြမ်းဖျဉ်းအားဖြင့် ကျွန်တော်တို့သိပါတယ်၊ တပ်မတော်မှာတော့ သတိထားရမယ့်ရောဂါတစ်ခုဖြစ်တယ်လို့ အဲကတည်းက ကျွန်တော့်ကိုသတင်းပို့ခဲ့တယ်၊ ကျွန်တော်အနေနဲ့ ဒါကိုစောင့်ကြည့်နေပြီး တပ်မတော်အနေအထားကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်ရတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် ကျွန်တော်တို့မှာ ဒီရောဂါကြောင့် တပ်မတော်ရဲ့စွမ်းအားတွေလျော့သွားလို့ မဖြစ်တာတော့ သေချာတဲ့အတွက် သာမန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ငှက်ဖျားလိုဟာမျိုးတောင်မှ တပ်မတော်မှာ တော်တော်များများဖြစ်ကြတယ်၊ ငှက်ဖျားကြောင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားတွေ ထိခိုက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးတယ်၊ ရှေ့တန်းနယ်မြေတွေမှာ တအားဖျားကြတယ်၊ ဖျားတဲ့အခါမှာတိုက်ပွဲမဝင်နိုင်တာ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် မထမ်းဆောင်နိုင်တာတွေ၊ ပြည်တွင်းသောင်းကျန်းမှု ပြဿနာကြီးထွားစေတဲ့ကာလမျိုးမှာ ဖျားနာနေတဲ့သူတွေ တော်တော်များများဖြစ်ခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်၊ ဒါကိုကျွန်တော်တို့ကအမြဲတမ်းသတိထားတယ်၊ ခုနကပြောတဲ့ COVID-19 ဖြစ်တဲ့အခါမှာ ကျွန်တော်လည်း တော်တော်အာရုံစိုက်ရပါတယ်၊ တပ်မတော်မှာတော့ သတိထားရမယ်၊ ကာကွယ်မှုနှင့်ပတ်သက်တာအတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံး၊ ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ လေထဲကလာတဲ့ရောဂါကြောင့် ဖြစ်တယ်ဆိုတာလေးကတော့ ကျွန်တော်တို့အကြမ်းဖျဉ်းအားဖြင့်သိပါတယ်၊ နောက်ပိုင်းမှသာ အသေးစိတ် ကျွန်တော်တို့သိတာပါ၊ အဲဒီအချိန်ကစပြီး အသွားအလာတွေ အနေအထိုင်တွေ တော်တော်ကန့်သတ်လိုက်ပါတယ်၊ သန့်ရှင်းရေးအပိုင်းတွေ အထူးသဖြင့်တော်တော်များများ သတိထားပြီးလုပ်ခိုင်းပါတယ်၊ ဒါကတော့စပြီးပြင်ဆင်ခဲ့တဲ့အချိန်ပေါ့၊ နောက်ပိုင်းမှာဖြစ်တာလည်း တော်တော်များလာတဲ့အခါ ကူးစက်မှုတွေများလာတဲ့အခါမှာ ကျွန်တော်အထဲမှာလည်း တင်းကြပ်တဲ့အမိန့်တွေထုတ်ရပါတယ်၊ ယာယီတာဝန်တွေသွားတာတောင်မှ မဖြစ်မနေသွားရောက်ရမည့်ကိစ္စ၊ ရုံးကတော့တော်တော်များများတက်ကြရပြီး ကျွန်တော်အလုပ်တွေက လူခွဲလုပ်လို့မရတဲ့ဟာတွေ၊ တစ်ယောက်နဲ့တစ်ယောက် Link ဆက်နေတဲ့ကိစ္စတွေ၊ အကုန်ဝိုင်းပြီးလုပ်ဆောင်ရတာဖြစ်တဲ့အတွက် ရုံးကတော့မတက်လို့မရဘူး။ မရတဲ့အတွက် အကာအကွယ်နှင့်ပတ်သက်တဲ့အရာတွေကို တော်တော်လိုက်နာပြီးလုပ်ကြရပါတယ်၊ Social Distancing လုပ်ရမယ်ဆိုရင် Social Distancing ထားပြီးတော့မှ တိတိကျကျလိုက်နာခိုင်းတာတွေရှိပါတယ်၊ ဆေးရုံနဲ့ပတ်သက်ပြီး အများကြီးပြင်ပေးတာတွေရှိပါတယ်၊ ဆေးရုံတွေအများကြီးပြင်ခဲ့တာတွေရှိတယ်၊ ပြောရလို့ရှိရင်တော့ တပ်မတော်က ဒါတွေနှင့်ပတ်သက်ပြီး အဓိကကတော့ ကျွန်တော်တို့တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားတွေ မထိခိုက်ဖို့ နံပါတ်တစ်အရေးကြီးဆုံးပဲ။ တပ်မတော်ဖျားနေလို့မရပါဘူး၊ မဖျားမှရမှာပါ၊ ဒါကတော့ နံပါတ်တစ်ရအောင်ထိန်းပါတယ်၊ ပစ္စည်းပစ္စယတွေလူတွေပါ စုစည်းပြင်ဆင်မှုတွေမှာ တစ်ခုကံကောင်းတာက ကျွန်တော်တို့မှာ Human Resources(HR) နဲ့ပတ်သက်ပြီး တော်တော် Trainning ပေးထားတဲ့ကျန်းမာရေးအဖွဲ့တွေရှိပါတယ်၊ ဆရာဝန်တွေရှိတယ်၊ သူနာပြုတွေရှိတယ်၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ကျွန်တော်တို့က ဒါဟာတော်တော်အလေးထားတဲ့ကိစ္စပေါ့၊ ကျွန်တော့်ရဲ့ခံယူချက်ကတော့ လူတစ်ယောက်က အလုပ်လုပ်နိုင်ဖို့ဖြစ်ဖြစ် ပညာသင်ကြားဖို့ဖြစ်ဖြစ် ကျန်းမာဖို့က နံပါတ်တစ်လိုပါတယ်၊ ဒါကလည်း ကျွန်တော့်ခံယူချက်ပါ၊ ကျွန်တော်က တပ်မတော်သားတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနံပါတ်တစ် ဦးစားပေးပါတယ်၊ ဒီလိုပါပဲ ပြည်သူလူထုနဲ့ပတ်သက်လို့ရှိရင် ပြည်သူလူထုကျန်းမာရေးကိုဦးစားပေးတယ်၊ ၂၀၁၂ ခုနှစ်ကစတင်ပြီး ပြည်သူ့ကျန်းမာရေးကိစ္စရပ်တွေကို ထဲထဲဝင်ဝင်စတင် ဆောင်ရွက်ပေးပါတယ်၊ လူကျန်းမာမှအလုပ်လုပ်နိုင်မယ်၊ အလုပ်လုပ်နိုင်မှလူတွေကဝင်ငွေရမယ်၊ ဒါမှလည်းလူမှုစီးပွားတိုးတက်လာမယ်၊ အဓိကကျန်းမာရေး၊ ကျန်းမာမှလည်း ကလေးတွေကပညာသင်ကြားနိုင်မယ်၊ မကျန်းမမာဖြစ်နေရင် ဘယ်လိုကျောင်းတက်နိုင်မလဲ၊ ကျောင်းမတက်နိုင်ရင်သူတို့ရဲ့ ပညာရေးနိမ့်ပါးလို့ရှိရင် လူနေမှုစနစ်ကလည်း ပညာရေးနှင့်အတူယှဉ်တွဲလာမယ့်ကိစ္စဖြစ်လာတယ်၊ ဒါ့ကြောင့်ပညာသင်ကြားရေးကိုလည်း ကျွန်တော်အနေဖြင့် အထောက်အကူရအောင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကျွန်တော် ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်၊ တပ်မတော်မှာလည်း ဆောင်ရွက်ချက်ကဒီအတိုင်းပါ၊ ကျန်းမာမှအလုပ်လုပ်နိုင်မယ်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မှာဖြစ်တဲ့အတွက် တပ်မတော်သားတွေလည်း ကျန်းမာမှနိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်အနေဖြင့် ကျန်းမာရေးကတော့ ဦးစားပေး ဆောင်ရွက်ပါတယ်၊ စောစောကပြောတဲ့ COVID ဆိုလို့ရှိရင်လည်း ကျွန်တော် တပ်မတော်မှာ serious ထားတဲ့ ရောဂါတစ်ခု၊ ကပ်ရောဂါတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

Share it now!