တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၄)

Wednesday, November 4, 2020 - 06:15

 

မေး။    နောက်ထပ်မေးခွန်းတစ်ခုကတော့ အောက်တိုဘာ ၁၅ ရက်နေ့က တပ်မတော်(ရေ) တိုက်ခိုက်ရေးသင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူပါဝင်တဲ့ စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း

Fleet Exercise 2020 (လေ့ကျင့်ခန်း ဗန္ဓုလ)ကို ဗိုလ်ချုပ်မှူးကြီး တက်ရောက်ပြီးတော့မှ ဂုဏ်ပြုခဲ့တာကိုတွေ့ရပါတယ်။ အဲ့ဒီမိန့်ခွန်းမှာလည်းပဲ ဗိုလ်ချုပ်မှူးကြီးက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ဒီလိုမျိုးခေတ်မီ တပ်မတော်ဖြစ်ဖို့ အတွက်ကို စိတ်ကူးပြီးတော့မှ ကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်းပဲ မိန့်ခွန်းထဲမှာ ပြောကြားသွားတာတွေ့ရပါတယ်ရှင်။ ပြည်သူတွေကလည်း ရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုအားလည်း တော်တော်မြင့်တက်ခဲ့ပါတယ်။ ဒီလိုရေငုပ် သင်္ဘောပိုင်ဆိုင်ဖို့အတွက် မြန်မာ့တပ်မတော်က ဘယ်လိုများပြင်ဆင်ခဲ့ပါသလဲ။ နောက်တစ်ခုက ဒီလိုမျိုး ရေငုပ်သင်္ဘောပိုင်ဆိုင်ရခြင်းဟာ ဘယ်လိုအခန်းကဏ္ဍတွေအထိ အကျိုးသက်ရောက်မှုမျိုး ရှိမလဲဆိုတာ ပြောပြပေးစေချင်ပါတယ်ရှင်။

ဖြေ။   တပ်မတော်တစ်ခုမှာတော့ စွမ်းရည်ရှိတဲ့ လူသားအရင်းအမြစ်တွေ၊ စွမ်းအားရှိတဲ့ စစ်လက်နက်ပစ္စည်းတွေရှိရေးကတော့ တပ်မတော်တစ်ခုရဲ့လိုအပ်ချက်ပဲ။ ဆိုပါတော့ ကြည်းတပ်မှာလည်း ကြည်းတပ်အလျောက်၊ ရေတပ်လည်း ရေတပ်အလျောက်၊ လေတပ်လည်း လေတပ်အလျောက်ပေါ့။ အဲ့ဒီတော့ ရေတပ်နဲ့ ပတ်သက်ရင်လည်း ရေတပ်မှာဆိုရင်လည်း စွမ်းရည်ရှိတဲ့ရေတပ်ဖွဲ့တစ်ခုဖြစ်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ရေပြင်က အကြမ်းဖျင်းအားဖြင့် ပြောရရင်တော့ ကမ်းရိုးတန်းမိုင်ပေါင်း မိုင်အရှည်က ၁၃၈၀ လောက်ရှိပါတယ်။ ပင်လယ်ပြင်ရဲ့အကျယ်ကလည်း စတုရန်းမိုင်ပေါင်း ၁၄၄၀၀၀ ကျော်လောက်ကျယ်တယ်။ တော်တော်ကျယ်ဝန်းတဲ့ဟာပါ။ ဒီပင်လယ်ပြင်ကြီးကို ကာကွယ်ဖို့ဆိုတာတော့ ရေတပ်ဖွဲ့က စွမ်းရည်ရှိမှပဲ ကာကွယ်နိုင်မယ့်အနေအထား ဖြစ်နေတယ်။ ဒါကြောင့် အရင်တပ်မတော်အကြီးအကဲတွေကလည်း တပ်မတော်(ရေ) နဲ့ပတ်သက်ပြီးတော့ စွမ်းရည်ရှိတဲ့ ရေတပ်ဖွဲ့ဖြစ်ဖို့ ကြိုးစားခဲ့တာရှိတယ်။ ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ထိထိရောက်ရောက်တော့ ကျွန်တော်တို့မလုပ်နိုင်ခဲ့ပါဘူး။ မြန်မာ့ရေပိုင်နက်ကိုလည်း ထိထိရောက်ရောက် မကာကွယ်နိုင်ခဲ့တာကို ရိုးသားစွာ ပြောရပါလိမ့်မယ်။ ၁၉၉၀ ပတ်ဝန်းကျင်လောက်ရောက်မှ ခေတ်မီတဲ့ ရေတပ်သင်္ဘောတွေ တိုးချဲ့ဖြည့်ဆည်းပေးနိုင်ခဲ့တာကစပြီး ခေတ်မီရေတပ်မတော်ကို ခြေလှမ်းစလှမ်းခဲ့ဖြစ်တာပေါ့။ အဲ့ဒီမှာ ကျွန်တော်တို့ လိုအပ်ချက်တစ်ခုကဘာလဲဆိုတော့ ရေအောက်ကာကွယ်ရေးစနစ်တွေ လိုနေတာရှိတယ်။ ရေပြင်ပေါ်မှာ ကာကွယ်ရေးစနစ်တွေရှိမယ်၊ ရေအောက်မှာကာကွယ်ရေးစနစ်တွေ ရှိမယ်။ ရေပေါ် ကာကွယ်ရေးစနစ်ကတော့ ဘာပဲပြောပြော အတိုင်းအတာတစ်ခုအထိတော့ ရှိပေမဲ့ ရေအောက်ကာကွယ်ရေးစနစ်ကျတော့ လွယ်တဲ့ကိစ္စလည်း မဟုတ်ဘူး။ ပြောရရင်တော့ ခုနကပြောတဲ့ ရေငုပ်သင်္ဘောပေါ့။ ရေအောက်တပ်ဖွဲ့တွေပေါ့။ တော်တော်ကြီးကို လူသားတွေနဲ့ပတ်သက်ပြီး အရည်အသွေးရှိတဲ့ စစ်သည်တွေ မွေးထုတ်ဖို့အတွက်က အခုလုပ် အခုရတဲ့ကိစ္စမဟုတ်ဘူး။ တော်တော်ကို ပြင်ရဆင်ရတဲ့ကိစ္စဖြစ်ပါတယ်။ အရင်က တပ်မတော်အကြီးအကဲကလည်း ဒီဟာကို ကြိုတင်တွက်ဆပြီးတော့မှ သူတို့ ကြိုးစားခဲ့ရတာရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်ကပေါ့။ နှစ်ပေါင်း ၃၀ ကျော် ၄၀ လောက်ကတည်းက ကြိုးစားခဲ့တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်လည်း ဒီဟာကိုမြင်တယ်။ ရေပြင်ကာကွယ်ရေးကတော့ ရေပေါ်ကာကွယ်ရေးတင်မက ရေအောက်ကာကွယ်ရေးလည်း လုပ်ဖို့လိုတယ် ဆိုတာမြင်တယ်။ ကျွန်တော်တို့ရေအောက်တွေမှာ သယံဇာတပစ္စည်းတွေလည်း အများကြီးရှိသလို ရေအောက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့လုံခြုံရေးကို ထိပါးနိုင်တဲ့ ကိစ္စမျိုးတွေလည်း အများကြီးဖြစ်နိုင်စရာရှိတယ်။ ပြောရမယ်ဆိုရင် ၁၉၈၈ ခုနှစ်လောက်ကတည်းက ရေပေါ်မှာခြိမ်းခြောက်မှုတွေ ဖြစ်ခဲ့တဲ့သာဓကရှိခဲ့ဖူးပါတယ်။ ဒါကတော့ ကျွန်တော်တို့က နိုင်ငံတော်ကာကွယ်ရေးပိုင်းကို စဉ်းစားတဲ့အခါကျတော့ ပြည့်စုံ လုံလောက်တဲ့ ကာကွယ်ရေးစနစ်ဖြစ်အောင် လုပ်ဖို့အတွက်က ခုနကပြောတဲ့ ရေအောက် ကာကွယ်ရေးစနစ်ပါ ထည့်မှရမယ်ဆိုပြီး တွက်ဆမိတဲ့အတွက်ကြောင့် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း ၂၀၁၂ လောက်ကတည်းက ဒီကိစ္စကို စပြီးတော့ စဉ်းစားပါတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်အခြေအနေလည်း ကြည့်ရသေးတယ်လေ။ ကိုယ်လုပ်ချင်တိုင်းလည်း ကိုယ်လုပ်လို့ရတာ မဟုတ်ပါဘူး။ တိုင်းပြည်က ဘယ်လောက် တတ်နိုင်မလဲ။ ဒါလည်း ကျွန်တော်တို့ ကြည့်ရသေးတာ။ ဖြစ်နိုင်တဲ့နည်းလမ်းကတော့ ကျွန်တော်တို့ ရအောင် ကြိုးစားကြည့်တာပေါ့။ သို့သော် မဖြစ်နိုင်တဲ့ဟာကို သွားပြီးတော့ နားပူနားဂျီ သွားလုပ်ရင်လည်း ဘယ်လိုလုပ်သင့်တော်မလဲ။ ဒါကြောင့် တိုင်းပြည်က တတ်နိုင်တဲ့ဟာမျိုးလည်း ဖြစ်ရမယ်။ ကိုယ်လည်းလုပ်နိုင်တဲ့ အနေအထားမျိုးဖြစ်ရမယ်။ ဒီလိုစဉ်းစားတာ။ စဉ်းစားပြီးတော့မှ တစ် အချက်ကတော့ လူဘယ်လိုစမွေးမလဲဆိုတာ၊ လူအရင် စပြီးတည်ဆောက်ဖို့ သင်တန်းတွေကျွန်တော်တို့ပေးပါတယ်။ အရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်ထက်မှာလဲ လူသားအရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ စခဲ့တာရှိတယ်။ လူတွေကတော့ ကျွန်တော့်မှာ အထိုက်အသင့်တော့ရှိတယ်။ သို့သော် ကျွန်တော်တို့မှာ ခုနကပြောတဲ့ သင်္ဘောမရှိဘူး။ သင်္ဘောမရှိတော့ သင်္ဘောရှိအောင် ကြိုးစားရတာပေါ့။ သင်္ဘောတစ်စီးရဲ့ တန်ဖိုးဆိုတာလည်း အနည်းဆုံး ဒေါ်လာသန်း ၃၀၀/၄၀၀ လောက်ပေးနိုင်မှ တော်တော်တန်တန် ခေတ်မီတဲ့ရေငုပ်သင်္ဘောရမယ်။ ဒီလိုဆိုတော့ ဒါမျိုးကလည်း လက်ထဲမှာရှိလာပြီးတော့မှ ကိုယ်က လူသားအရင်းအမြစ် မပြည့်စုံလို့ရှိရင်လည်း လုပ်ရကိုင်ရတာလည်းခက်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ပထမ အချက်အနေနဲ့ လူသားအရင်းအမြစ်တွေကို စပြီးမွေးရပါတယ်။ ဒီလူသားအရင်းအမြစ်တွေကိုလည်း အရန်တွေ၊ အရန်တွေအများကြီးကို ကျွန်တော်တို့စပြီးမွေးရပါတယ်။ Trainning ပေးရတာပေါ့။ ဒီလိုလုပ်နိုင်ဖို့အတွက် ရေတပ်ဖွဲ့ကြီးမှာ အထောက်အကူ ပြုနိုင်ဖို့အတွက် ရေငုပ်သင်္ဘောတစ်စီးကို လေ့ကျင့်ရေးနဲ့စစ်ဆင်ရေး အထောက်အကူပြုဖို့အတွက် စပြီးစဉ်းစားခဲ့တယ်။ စစ်ဆင်ရေးတစ်ခုတည်းအတွက်မဟုတ်ဘူး၊ လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးကို အထောက်အကူပြုနိုင်ဖို့ အတွက်စဉ်းစားခဲ့တယ်။ ဒါ့ကြောင့် အိမ်နီးနားချင်းနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေကနေ ကျွန်တော်တို့ လိုက်ရှာခဲ့တယ်။ နောက်ဆုံး အိန္ဒိယနိုင်ငံကနေတစ်ဆင့် ဝယ်ယူရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ထိုက်သင့်တဲ့ငွေကြေးပေးပြီး ဝယ်ခဲ့တဲ့သင်္ဘောဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က အဓိကအနေနဲ့လေ့ကျင့်ရေးအတွက်သုံးပါမယ်။ လိုအပ်မယ်ဆိုရင်တော့ စစ်ဆင်ရေးကိစ္စအတွက် ကျွန်တော်တို့သုံးပါမယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်လည်း အချိန်တစ်ခုတော့ ယူရပါလိမ့်အုန်းမယ်။ ချက်ချင်းတော့ ပြည့်စုံတဲ့ အနေအထားမဟုတ်ပါဘူး။ သို့သော်လည်း ရေငုပ်သင်္ဘောကို တပ်မတော်(ရေ)မှာ ထည့်သွင်းနိုင်ခဲ့ခြင်းအားဖြင့် ရေတပ်ဖွဲ့ရဲ့ ကာကွယ်ရေးစွမ်းပကားကတော့ အတိုင်းအတာတစ်ခုအထိ ရရှိလာတယ်လို့ ပြောလိုပါတယ်။

Share it now!