တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများ အပိုင်း(၅)

Wednesday, November 4, 2020 - 07:00

 

 

မေး။   အခုကာလကလည်း နည်းပညာတော်လှန်ရေးကာလလို့ပြောလို့ရမယ့် Industrial 4.0 ခေတ်ဖြစ်နေတာပေါ့။ ကဏ္ဍအသီးသီးမှာလည်း နည်းပညာအကူအညီနဲ့ အဆင့်မြှင့်တင်ဖို့ ကြိုးစားနေကြတယ်။

စီးပွားရေးနယ်ပယ်၊ ပညာရေးနယ်ပယ် အဲ့လိုနယ်ပယ် ကဏ္ဍအသီးသီးမှာပေါ့။ အဲ့တော့ တပ်မတော်ရဲ့ Defence Force ကိုရော (ကြည်း၊ ရေ၊ လေ)ပေါ့။ အခုကတော့ ရေတပ်ကိုကျွန်မတို့သိရပြီ။ (ကြည်း၊ ရေ၊ လေ) ကိုရော ဘယ်လိုမျိုး နည်းပညာအရအဆင့်မြှင့်တင်ဖို့ စီစဉ်ထားရှိပါသလဲရှင်။

ဖြေ။  ကာကွယ်ရေးစွမ်းပကားဆိုတာ ခေတ်မီလေကောင်းလေပဲ။ ခေတ်နဲ့အညီလိုက်လျောညီထွေလုပ်နိုင်လေကောင်းလေပဲ။ အရင်ခေတ်အဆက်ဆက်က လူကြီးတွေလည်း တောက်လျောက်ဒီအတိုင်းလုပ်ခဲ့တာပဲ။ ကျွန်တော်တို့လည်း အခုဆိုရင်ကျွန်တော်တို့ တပ်မတော်ထဲကို စဝင်တဲ့အချိန်တုန်းက First Generation ၊ Second Generation အနေနဲ့စခဲ့တာ။ ပြီးတော့မှအခုဆိုရင် Fourth Generation ၊ Fourth Plus Generation နဲ့ Fifth Generation ကိုရောက်နေပြီ အနည်းဆုံးကတော့ Fourth Generation အဆင့်ကို ကျွန်တော်တို့ရောက်အောင် ပထမဦးဆုံးကြိုးစားရမှာကတော့ မလွဲဧကန်ပါပဲ။ နိုင်ငံတွေအားလုံးကလည်း ဒီလိုပဲကြိုးစားနေကြတယ်။ အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်ရင်လည်း ဒီလိုပဲသူများတွေလုပ်နေပြီး ကိုယ်ကမလုပ်ရင်လည်းခံသွားရမှာ။ ကာကွယ်ရေးဆိုတဲ့နေရာမှာ Sorry ဆိုတာမရှိဘူး။ ကျွန်တော်တော့ Ready မဖြစ်သေးဘူးဆိုပြီး သွားပြောလို့မရဘူး။ အဲ့တော့ Ready လုပ်ထားတာကတော့ အကောင်းဆုံးပဲ။ သို့သော်လည်းတိုင်းပြည်ရဲ့အခြေအနေနဲ့ ကိုက်ညီအောင်တစ်ဖက်ကလည်း ချင့်ချိန်ရတာပေါ့။ အဲ့တော့အကောင်းဖက်ကနေ ကျွန်တော်တို့ လူသားအရင်းအမြစ်တွေရအောင်မွေးတယ်။ တပ်မတော်သားတွေကို ပညာတတ်တွေဖြစ်ဖို့အတွက် နည်းပညာ၊ အတတ်ပညာတွေနဲ့ပတ်သက်ပြီး အရည်အချင်းရှိတဲ့ တပ်မတော်သားတွေဖြစ်အောင် ကျွန်တော်တို့ ကြိုးစားလေ့ကျင့်ပေးရတယ်။ ဒီအပေါ်မှာမူတည်ပြီး အသုံးအဆောင်ပစ္စည်းတွေကိုပါ ထပ်ပြီးဖြည့်ဆည်းပေးရတယ်။ အသုံးအဆောင်ပစ္စည်းတွေရှိပြီး လူသားအရင်းအမြစ်မရှိရင်လည်း ဘာမှလုပ်လို့မရဘူး။ လူသားအရင်းအမြစ်ကမဖြစ်မနေ ရအောင်လိုအပ်တယ်။ ဒါ့ကြောင့် လေ့ကျင့်ရေးကျောင်းတွေမှာ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)အားလုံးမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို နံပါတ်(၁)ဦးစားပေးအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဒုတိယကတော့ စောစောကပြောခဲ့တဲ့ ခေတ်မီတဲ့ကာကွယ်ရေးပစ္စည်းတွေကို နိုင်ငံတော်ရဲ့အခြေအနေအပေါ်မူတည်ပြီး တဖြည်းဖြည်းဖြည့်တင်းတာတွေ၊ အဆင့်မြှင့်တာတွေ ဆက်လက်ဆောင်ရွက်သွားဖို့ လုပ်နေတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။

မေး။  တပ်မတော်ကို တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တပ်မတော်ကိုအစဉ်အဆက်တာဝန်ယူခဲ့ကြတဲ့ တပ်မတော်အကြီးအကဲတွေ ကလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ လုပ်ဆောင်ချက်ကို ကျေနပ်နေမယ်လို့ယူဆပါတယ်ရှင်။

ဖြေ။   ရဲဘော်သုံးကျိပ်က စခဲ့တဲ့တပ်မတော်ပေါ့။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး တည်ထောင်ခဲ့တဲ့တပ်မတော်။ ဗိုလ်ချုပ် အောင်ဆန်းက တပ်မတော်ရဲ့ မိဘပါ၊ တစ်ကယ့် အဖေပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းပြီးရင် ဒုတိယကတော့ ဗိုလ်ချုပ်ကြီး နေဝင်းပါ။ အဲ့ကနေ ခေတ်မီတပ်မတော်တစ်ရပ်ကို တစ်ဖြည်းဖြည်း တာဝန်ယူတဲ့ စစ်ခေါင်းဆောင်တွေ ပြောင်းလဲလာခဲ့တာ၊ ကျွန်တော်လည်းအခွင့်အရေးရခဲ့ပါတယ်။ ဒီအခွင့်အရေးကိုရခဲ့တော့ ကျွန်တော်လည်း အင်မတန်ကိုနှစ်နှစ်ကာကာသဘောထားပြီးတော့ တကယ်ကိုလုပ်ပါတယ်။ နဂိုကမှလည်း ကာကွယ်ရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ ဒီတာဝန်ကိုထမ်းဆောင်ခဲ့တာပါ။ ဒီမှာမှ ကိုယ်တာဝန်ယူပြီး လုပ်ရမယ့်ကဏ္ဍရောက်လာတော့ ကိုယ်တာဝန်ယူခဲ့တဲ့ အချိန်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်တာပါ။ အတတ်နိုင်ဆုံး ဒီတာဝန်မှာနှစ်ပြီးတော့ လုပ်နေတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။

Share it now!