တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၆)

Wednesday, November 4, 2020 - 09:15

 

 

မေး။   နိုဝင်ဘာ ၂ ရက်နေ့ ညက တပ်မတော်က ကြေညာချက်နှစ်ခုကို ထုတ်ပြန်ခဲ့တာရှိပါတယ်။ တစ်ခုကတော့ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီးတော့

တပ်မတော်ရဲ့သဘောထားကို ထုတ်ပြန်တာဖြစ်တယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်ရဲ့သဘောထားထုတ်ပြန်တာရှိတယ်။ အဲဒီနှစ်ခုကို ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ ဒီလိုသဘောထားတွေ ထုတ်ပြန်ရတာလဲဆိုတာကို သိခွင့်ရမလားရှင်။

ဖြေ။  တပ်မတော်ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ နံပါတ်တစ်အချက်ပေါ့။ နောက်တစ်ခုကတော့ ၂၀၁၀ ပြည့်နှစ်ကျမှသာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းဘက် အသွင်စပြီးကူးပြောင်းတာဖြစ်တယ်။ ၂၀၁၀ မှာ Election စလိုက်တာပေါ့။ အသွင်ကူးပြောင်းတယ်ဆိုတာ ၁၀ နှစ်တာကာလအတွင်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနိုင်မယ့် အတွေ့အကြုံက နည်းပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားနိုင်ဖို့အတွက် ခိုင်ခိုင်မာမာဖြစ်စေချင်တယ်။ ကာလပေါင်းများစွာ၊ အတွေ့အကြုံပေါင်းများစွာရှိခဲ့ပြီး တော်တော်များများနေခဲ့ရတာက ဗဟိုဦးစီးစနစ်အောက်မှာ နေခဲ့ကြရတယ်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နေခဲ့တဲ့ကာလက နည်းပါတယ်။ ဒါကြောင့် အခုလက်ရှိပြည်သူက ရွေးချယ်ထားတဲ့ ပါတီစုံလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရှိဖို့က ကျွန်တော်တို့တပ်မတော်ရဲ့လိုလားချက် ဖြစ်ပါတယ်။ ဒီအတိုင်းသွားစေချင်တယ်။ ဒီမိုကရေစီစနစ်မှာလည်း ရွေးချယ်တင်မြှောက်ဖို့ကလည်း တော်တော်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ ဒီရွေးချယ်တင်မြှောက်ပွဲက စနစ်တကျမဟုတ်ဘဲနဲ့ နည်းလမ်းမကျ စည်းကမ်းချိုးဖောက်မှုတွေများလာလို့ရှိရင် တည်ငြိမ်တဲ့ဒီမိုကရေစီစနစ်ကို ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ကမ္ဘာမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကြည့်ရင် တွေ့နိုင်ပါတယ်။ မကြာသေးခင်ကပဲ ဥရောပမှာဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားနေသည့်ဖြစ်စဉ် နှစ်ခုရှိတယ်။ ကျွန်တော်တို့ ဒါကိုစောင့်ကြည့်နေတယ်။ တပ်မတော်အနေဖြင့် စောင့်ထိန်းပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် တတိယအကြိမ်ပြုလုပ်မယ့် ရွေးကောက်ပွဲနှင့်ပတ်သက်ရင် စပြီးကြေငြာတဲ့အချိန်ကစပြီး ကျွန်တော်တို့လည်း သတိကြီးစွာစောင့်ကြည့်လာခဲ့တယ်။ ကျွန်တော်တို့ တော်ယုံတန်ယုံတော့မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့ နိုင်ငံတော်ကလုပ်နေတယ်။ သိပ်ပြီးတော့လိုအပ်လို့ရှိရင် အသိပေးသင့်တဲ့ကိစ္စများကို အသိပေးတာရှိပါတယ်။ ဒါကလည်း ရွေးကောက်ပွဲကလည်း သိပ်ပြီးအရေးကြီးတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကလည်း ရွေးကောက်ပွဲရဲ့ အနှစ်သာရပဲ။ အစိုးရကလည်း ဒီအပေါ်မှာအဆုံးအဖြတ်ပေးရမယ့် ကိစ္စဖြစ်နေတယ်။ မှတ်ကျောက်တင်ရမယ့် ကိစ္စလည်းဖြစ်တယ်။ ဒီမှာ အားနည်းချက်တွေကတော်တော်များများ တွေ့ရတယ်။ စတွေ့တာက ဩဂုတ်လ ၈ ရက်နေ့ နောက်ပိုင်း မဲဆွယ်စည်းရုံးမှု စတင်သည့်ကာလကနေစပြီး အားနည်းချက်တွေကို သတိပြုမိတယ်။ COVID-19 ဖြစ်နေတဲ့ကာလဆိုတော့ ပိုပြီးသတိထားရတာပေါ့။ မဲပေးခွင့်နှင့်ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာလည်း တော်တော်မှားယွင်းမှုတွေတွေ့ရတယ်။ မဲစာရင်းကြေညာတဲ့အခါ အမှားအယွင်းတွေ တော်တော်များများပါတယ်။ မှားသင့်မှားထိုက်တဲ့ ကိစ္စဆိုရင်တော့ ကိစ္စမရှိဘူး။ သို့သော်လည်း မမှားသင့်တဲ့ကိစ္စတွေ ဖြစ်နေတယ်။ ပြင်ဆင်ချိန်တွေ အများကြီးရတယ်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့တာ ၄ နှစ်ကျော်ကာလဖြစ်သွားပြီ။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ကော်မရှင်စတင်ဖွဲ့စည်းတယ်။ လေးနှစ်ကျော်ကာလ ပြင်ဆင်ချိန်တွေရပါတယ်။ နောက်ပြီး ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ၂ ခုလုပ်ခဲ့ပြီးပြီ။ ရွေးကောက်ပွဲမှာလည်း အတွေ့အကြုံတွေ အများကြီးရခဲ့ပြီးပြီ။ ဒီအပေါ်မှာ ပိုပြီးကောင်းတဲ့ရွေးကောက်ပွဲကို ကျွန်တော်တို့ တပ်မတော်လည်း မျှော်လင့်ထားခဲ့တယ်။ တကယ်လိုလို လားလားဖြစ်ပါတယ်။ တပ်မတော်ဘက်က ဖြစ်နိုင်တဲ့နည်းလမ်းတွေကို တတ်နိုင်သလောက် အကောင်းဆုံးကူညီပေးပါတယ်။ ဒါပေမယ့်ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်တဲ့အရာတွေမှာတော့ ကျွန်တော်တို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ကော်မရှင်ရဲ့အဆုံးအဖြတ်အတိုင်းဖြစ်ပါတယ်။ ဥပဒေအရပြောတဲ့စကားကိုပဲ လက်ခံပါတယ်။ ဒီအားနည်းချက်တွေ တွေ့လာတယ်၊ ကျွန်တော်တို့ မြင်ရတာရှိတယ်။ ပါတီတွေရဲ့ ထုတ်ပြန်ချက်တွေရှိတယ်။ ကျွန်တော့်ဆီကို စာရေး တင်ပြချက်တွေ အများကြီးရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့စဉ်းစားရတာပေါ့။ တတ်နိုင်သလောက်တော့ ဒါကိုထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်ဖို့ပြောပါတယ်။ သတိပေးပါတယ်။ မနေ့ကတော့ Statement မှာ ထည့်မရေးဘူး။ လူမှုကွန်ရက်ပေါ်မှာ ပြောနေတာတွေက တော်တော်ကို တဖက်သတ်ဆန်လွန်းပြီးတော့ ဆိုးလည်းဆိုးပါတယ်။ တချို့ရေးတာတွေက တော်တော်လေး ဆိုးတယ်။ ဒါတွေက ရွေးကောက်ပွဲအပေါ် လူတွေရဲ့သံသယဖြစ်မှုတွေပိုပြီး ကြီးထွားလာစေတယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေမဖြစ်အောင် ဆိုပြီးတော့ ကော်မရှင်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့အတွက်ပြောတာပါ။ ကျွန်တော်တို့ လိုလားချက်ကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ပါပဲ။ ၂၀၁၅ ခုနှစ် မဲပေးတဲ့အချိန်မှာ မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ကျွန်တော့်ကို မေးခဲ့တယ်။ ဘယ်လို လုပ်မလဲ ဆိုပြီးတော့။ ခင်များဗျာ ကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဲ့သဘောပေါ့လေ ရွေးကောက်ပွဲမှာ result ကို ကြေညာတဲ့အတွက် ကျွန်တော်တို့ လက်ခံနိုင်တယ်လို့ပြောခဲ့တာ ရှိတယ်။ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေဖြစ်လာတယ်။ အခုလိုမျိုးတွေ ကျွန်တော်မဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ။

မေး။   ဟုတ်ကဲ့ပါ။ လက်ရှိအစိုးရရဲ့ Government ထဲမှာ ပါဝင်နေတဲ့ တပ်မတော်အနေဖြင့် ကော်မရှင်ကို သတိပေးတဲ့အကြောင်းအရာက ဥပဒေအကြောင်းအရ ညီညွတ်ပါသလားရှင်။

ဖြေ။   ဘာလို့ မညီညွတ်မလဲ။ တပ်မတော်က နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ နောက် အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်းပေးထားတယ်။ ဒီဟာက အခြေခံဥပဒေကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ၊ နိုင်ငံတော်ကြီးတည်ဆောက်ထားတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့မပြောလို့ရှိရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ် ဝေဖန်မှုတွေတဖြည်းဖြည်းနဲ့ရှိလာတယ်။ ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာရှိတယ်။ နိုင်ငံရဲ့သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်မဖြစ်စေချင်လို့ ထုတ်ပြောတာ။ တော်ရုံတန်ရုံဆိုရင် ကျွန်တော်ပြောခဲပါတယ်။ မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်။

Share it now!