မြေပုံမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့၏ တာဝန်ဝတ္တရားအား အနှောင့်အယှက်ပြုလုပ်သူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်း

Wednesday, November 4, 2020 - 09:00

 

နေပြည်တော်၊ နိုဝင်ဘာ-၄

          ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည် လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီခန့်တွင် မြေပုံမှအထွက် မီတာ ၂၀၀ ခန့်အကွာအရောက် မင်းပြားဘက်မှမြေပုံဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် လူ ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား

စစ်ဆေးရန်ရပ်တန့်စေခဲ့ရာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြေပုံမှမင်းပြားဘက်သို့ ပြန်လည်‌မောင်းနှင်လာသဖြင့် ထပ်မံရပ်တန့်ခိုင်းခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား  အော်ဟစ်ဆဲဆို၍ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ကတ္တရာလမ်းအားကျည်ထောက်၍ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါသူ၏ လက်အားထိမှန်ခဲ့ကာ မင်းပြားဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

          အဆိုပါ မောင်းနှင်ထွက်ပြေးသွားသူ ၂ ဦးအား ဆက်လက်စုံစမ်းခဲ့ရာ ၎င်းတို့ ၂ ဦး သည် မြေပုံမြို့နယ်၊ ကြက်ရေကြီးကျေးရွာနေ ဆိုင်ကယ်မောင်းနှင်သူ စိုးထက်အောင်(ဘ)ဦးညီချေနှင့် ဆိုင်ကယ်နောက်မှလိုက်ပါသူ မျိုးနိုင်(ဘ)ဦးမောင်နိုင်တို့ဖြစ်ကြောင်း သိရှိရပြီး မျိုးနိုင်သည် ဝဲလက်ဖျံလက်နက်ငယ်ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ မြေပုံပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိနေသည်ကို သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ ၂ ဦးအား သွားရောက်ဖမ်းဆီးထိန်းသိမ်း၍ တရားဥပဒေအရအရေးယူနိုင်ရေး မြေပုံမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Share it now!