တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၇)

Wednesday, November 4, 2020 - 10:30

 

မေး။       ကျွန်မတို့ရဲ့ဖြစ်နေတဲ့နိုင်ငံရေးဟာ Geopolitic အရရော၊ ပြည်ပက စွက်ဖက်မှုအရရော ကိုယ့်နိုင်ငံသားအချင်းချင်း  မသင့်မမြတ် ဖြစ်နေကြတာတွေကိုရော ဗိုလ်ချုပ်မှူးကြီး ဘယ်လိုများ ပြောချင်ပါသလဲရှင်။

ဖြေ။    ညီညွတ်စေချင်တာပေါ့ဗျာ။ မြဝတီသတင်းစာမှာ စာရေးဆရာ ကျော်အောင်ရေးတဲ့ အရေးကြီးပြီ သွေးစည်းကြစို့ဆိုတဲ့ အခန်းဆက်ဝတ္ထုကိုထည့်ထားတယ်။  အမျိုးသားစာပေဆုရခဲ့တဲ့ဝတ္ထုဖြစ်တယ်။ တကယ်ရည်ရွယ်ချက်ရှိရှိထည့်တာပါ။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်ဖြစ်စေချင်လို့ အဲ့ဝတ္ထုကိုအခန်းဆက်ဝတ္ထုအနေနဲ့ မြဝတီသတင်းစာမှာ ကျွန်တော်ထည့်ထားတာပါ။ ဒီဝတ္ထုကို ကျွန်တော်ရွေးပေးလိုက်တာဖြစ်တယ်။ ကျွန်တော်တို့အားလုံး၊ တိုင်းရင်းသားအားလုံး ညီညွတ်ဖို့လိုပါတယ်။ ခေါင်းစဉ်မှာတော့ အရေးကြီးပြီသွေးစည်းကြစို့ဆိုပေမယ့်လည်း တကယ်တော့ အရေးကြီးကြီး၊ မကြီးကြီး ကျွန်တော်တို့တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ဖို့လိုအပ်တယ်။ ကျွန်တော်တို့က နိုင်ငံကြီးနှစ်နိုင်ငံကြားထဲမှာ ကြားညပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့အပေါ်မှာ စိတ်ဝင်စားတဲ့နိုင်ငံတွေများစွာရှိတယ်။ ဒါငြင်းလို့မရဘူး။ သမိုင်းဖြစ်ရပ်တွေကတွေ့ရမယ်။ လက်ရှိနိုင်ငံတကာ ဖြစ်စဉ်များကတွေ့ရလိမ့်မယ်။ အဲ့ဒီတော့ ဒီလိုမျိုးနေရာမှာကျွန်တော်တို့ မညီညွတ်လို့ရှိရင် ကျွန်တော်တို့တိုင်းပြည် ဘယ်အားရှိနိုင်မလဲ။ တိုင်းပြည်ရဲ့အားက ပြည်တွင်းမှာပဲရှိတယ်။ ပြည်ပကအားမရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာပဲရှိတယ်။ ပြည်သူလူထုရဲ့အင်အားပဲရှိတယ်။ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်တဲ့ အင်အားပဲရှိတယ်။ ဒီအင်အားကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်မှသာ တိုင်းပြည်ရဲ့မျှော်မှန်းထားတဲ့ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာရှိနေလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီအပေါ်မှာ အငြင်းပွားနေရင်တော့ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ ခိုင်ခိုင်မာမာဖြစ်နိုင်တဲ့ ဒီမိုကရေစီကို ရောက်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။     နောက်တခုအနေနဲ့ အခုနက ဗိုလ်ချုပ်မှူးကြီး ပြောသွားခဲ့သလို လူမှုကွန်ရက်တွေပေါ်မှာ ဆိုးဆိုးရွားရွားပြောဆိုနေကြတာတွေ၊ Hate Speech တွေလည်း ပါကောင်းပါနိုင်ပါတယ်။ တချို့တွေက အဖွဲ့အစည်းအယောင်ဆောင်ပြီး ကိုယ်စားပြုပြောနေတာတွေရှိသလို၊ တချို့ကလည်း ရိုးရိုးသားသားပြောနေတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်၊ Social Media ပေါ်မှာ ကြည့်လိုက်ရင် လူတွေက Postive Attitude နည်းနေတဲ့ပုံစံမျိုးဖြစ်လာတာကို တွေ့လာရပါတယ်။ ကျွန်မတို့တိုင်းပြည်အနေနဲ့ ယဉ်ကျေးမှုအဆင့်အတန်းအရ စိတ်ဓာတ်အဆင့်အတန်းအရ အဲ့လောက်နိမ့်ကျနေတာမဟုတ်ဘဲ ဘာဖြစ်လို့ Online တွေပေါ်မှာ Negative ဆန်တဲ့ပုံစံတွေကို  ဘယ်လိုမျိုးလုပ်လို့ရနိုင်မလဲ၊ ဒါတွေကရော ဘာကြောင့်ဖြစ်လာရတာလည်း ဆိုတာကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ပြောပြပေးပါရှင်။

ဖြေ။      ဒါကတော့ လူအများစုတော့ မဟုတ်ဘူးဗျ။ အနည်းစုလို့ ကျွန်တော်ကတော့ ယူဆတယ်။ လူနည်းစုကနေတင်နေကြတာ။ တင်ခွင့်ရတဲ့လူတွေကနေတင်နေကြတာ။ တင်ခွင့်မရတဲ့ လူကတော့တင်မှာမဟုတ်ဘူး။ ဒီလိုလေးရှိတာပေါ့ နောက်တစ်စုကတော့ ယဉ်ကျေးမှုဆိုတာ ဘာသာရေးကအခြေခံပြီးလာတာ။ ကျွန်တော့်အမြင်အရပြောရရင် ဗုဒ္ဓယဉ်ကျေးမှုဆိုတာနဲ့ ဗုဒ္ဓဘာသာ၊ မြန်မာ့ယဉ်ကျေးမှုကလည်း  ဗုဒ္ဓဘာသာကိုမူတည်ပြီး ဖြစ်လာတဲ့ယဉ်ကျေးမှုဖြစ်တယ်။ ဒီလိုပဲ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေမှာဆိုလည်း သူတို့ရဲ့ ယဉ်ကျေးမှုတွေရှိမယ်။   အစ္စလာမ်ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေမှာဆိုရင်လည်း သူတို့ယဉ်ကျေးမှုတွေရှိမယ်။  သူတို့ကိုးကွယ်တဲ့ဘာသာကို အခြေခံတဲ့ယဉ်ကျေးမှုတွေရှိတယ်။ ကျွန်တော်တို့လည်း  ယဉ်ကျေးမှုဆိုတာ သိပ်ပြီးအရေးကြီးတာဖြစ်တယ်။ စောစောကပြောတဲ့ Hate Speech တို့ဆိုတာကလည်း လုပ်လို့ရတဲ့လူအနည်းစုကလုပ်နေကြတာ။ ဒါတွေကို ထိန်းသိမ်း၊ ထိန်းကျောင်းပေးဖို့လိုတာပေါ့။ လုပ်တာကတော့လူအနည်းစုပဲ ဒါပေမဲ့မြင်တဲ့အခါကြတော့ ကြည့်တဲ့လူအများစုကမြင်တာ။ အဲ့တော့ခံစားရတာက လူအများစုက ခံစားရတာ။ လုပ်တာကလူနည်းစုကလုပ်တာ။ ဒီလူအနည်းစုကိုဖော်ထုတ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ အဲ့လိုမထိန်းနိုင်သမျှကာလပတ်လုံးကတော့ ဒီပြဿနာတွေရှိနေဦးမှာပဲ။ ကျွန်တော်တို့ကို ဘာလို့မထိန်းလဲလို့မေးစရာရှိတယ်။ သိတာပဲ၊ မြင်နေရတာပဲ၊ လုပ်ဖို့လိုတာပေါ့။ အဲဒီလိုမလုပ်တဲ့အတွက်ကြောင့် အခုရွေးကောက်ပွဲကိုပဲကြည့် သက်ရောက်မှုတွေ အများကြီးဖြစ်လာတယ်။  သတင်းတွေဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ကျွန်တော်လည်းအမြဲတမ်းကြည့် တာတော့မဟုတ်ဘူး။ ကိုယ့်အလုပ်တာဝန်နဲ့ တခြားဟာတွေရှိသေးတယ်။ တချို့ Report တွေကို တခါတလေကျတော့ ဖတ်ကြည့်တာရှိတယ်။ တခါတလေအကြောင်းကိစ္စရှိလို့ ဖွင့်ဖတ်ကြည့်လိုက်ရင် တက်လာတာတွေကိုတွေ့နေရတာတွေရှိတယ်။ တခါတလေကျတော့ ခေါင်းစဉ်ဖတ်ကြည့်လိုက်တာနဲ့ကို တော်တော်စိတ်ပျက်သွားရတာတွေရှိတယ်။ ဖတ်ချင်စိတ်ကိုကုန်သွားတယ်။ တစ်ကယ်တမ်းကတော့ ကောင်းတဲ့ဖက်ကိုသွားမယ်ဆိုရင် အင်မတန်ကို အကျိုးပြုတဲ့လုပ်ငန်းတစ်ခုပါ။ အခုက တစ်လွဲဖြစ်နေတာတွေကို ဝမ်းနည်းဖွယ်ရာတွေ့ရတယ်။ ဒီလိုတော့မဖြစ်စေချင်ဘူး။ လူအနည်းစုကလုပ်တဲ့ဟာကို လူအများစုက ခံစားနေရတာဖြစ်တယ်။ ဒါတွေကို ထိန်းဖို့တော့လိုတယ်။ ဒါကို ဘယ်သူထိန်းမလည်း။ ထိန်းနိုင်တဲ့လူထိန်းပါ။ မဟုတ်ဘူးလား။

Share it now!