တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၈)

Wednesday, November 4, 2020 - 10:45

 

မေး။       နောက်မေးခွန်းတစ်ခုကတော့ အခုတိုင်းပြည်မှာ Hot ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အခြေအနေပါ။ အခုလိုအချိန်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ ဇနီးက ရခိုင်တိုင်းရင်းသူဖြစ်တဲ့အတွက်ကြောင့် သူကကော သူ့ရဲ့ဇာတိမှာ မတည်ငြိမ်၊ မအေးချမ်းတာတွေနဲ့ပတ်သက်ပြီး  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဘာတွေများ အကူအညီတောင်းတာတို့၊ သူ့ရဲ့ခံစားချက်ကိုပြောတာတို့ လုပ်ဖူးပါသလားရှင်။

ဖြေ။        ကျွန်တော်အပေါ်မှာတော့ အများကြီးအထောက်အကူရတယ်။ အများကြီးအထောက်အကူပေးတယ်။ ဖြစ်စေချင်တာကတော့ ငြိမ်းချမ်းချင်တာပါ။ ကျွန်တော်တို့အမျိုးတွေရှိပါတယ်။ တကယ့်အမျိုးအရင်းတွေလည်းရှိတယ်။ တောင်ပိုင်းတင်မဟုတ်ဘူး၊ မြောက်ပိုင်းမှာလည်း အမျိုးတွေအများကြီးရှိတယ်။ အဆက်အသွယ်လည်းရှိတယ်။ သူတို့ဆိုလည်း အေးချမ်းချင်တဲ့စိတ် တော်တော်များများရှိကြပါတယ်။ တကယ်တော့ အမုန်းတရားကို ဖန်တီးပြုလုပ်နေကြတာ။ ဒီမိုကရေစီစနစ်ကို သွားနေတာပဲလေ။ အားလုံးက ဥပဒေနဲ့အညီပဲသွားရမှာ။ ရခိုင်ပြည်နယ်မှာ ကျွန်တော်တိုင်းမှူးတာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဘာသူပုန်သူကန်မှမရှိဘူး။ မြောက်ပိုင်းမှာ စည်းကမ်းဖောက်တဲ့ တချို့တလေတော့ရှိတာပေါ့။ ကျွန်တော် ရခိုင်ပြည်နယ်တစ်ခွင် နေရာအနှံ့သွားခဲ့တယ်။ ကျွန်တော်မရောက်တဲ့နေရာ မရှိသလောက်ပဲ။ မြောက်ဖျားကနေ တောင်ဖျားအထိ အကုန်ရောက်တယ်။ ၆ လ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ ကျွန်တော်အကြိမ်ပေါင်းများစွာသွားခဲ့တယ်။ လူထုနဲ့ထိတွေ့မှုတွေမျိုးစုံယူခဲ့တယ်။ အင်မတန်ရိုးသားတဲ့ တိုင်းရင်းသားပါ။ ယဉ်ကျေးမှုလည်းအတူတူပဲ ၊ ကိုးကွယ်တဲ့ဘာသာလည်းအတူတူပဲ၊ စကားလေးနည်းနည်းပါးပါးပဲ ကျွန်တော်မြန်မာလိုပြောရင် သူတို့ကောင်းကောင်းနားလည်တယ်။ သူတို့ပြောရင် တစ်ခါတလေ ပြန်မေးရတာရှိတယ်။ သူတို့ကလည်း ကြိုးစားပြောရှာပါတယ်။ အင်မတန်ရိုးသားတယ်။  ကျွန်တော်ကတော့သူတို့အကြောင်းသိတယ်။ ရိုးသားတဲ့တိုင်းရင်းသားတွေပါ။ ဒါပေမယ့်ဘေးကနေသွေးထိုးပြီးတော့မှ လုပ်တဲ့အခါကျတော့ ဒီအပေါ်မှာပါသွားကြတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာပြောပြော အေးချမ်းတဲ့ဒေသတစ်ခု ပြန်လည်ဖြစ်ပေါ်ရေးအတွက်လိုလားပါတယ်။ လက်နက်ကိုင်ပဋိပက္ခဆိုတာ ကျွန်တော် ဖန်တီးထားတာမဟုတ်ဘူး။ တပ်မတော်က ဖန်တီးတာမဟုတ်ဘူး။ သူတို့ဝင်ရောက်လာလို့ လုပ်လာလို့ ကျွန်တော်တို့က နိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာပေါ့။  တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးအာဏာတွေ သက်ရောက်မှုရှိအောင် ကာကွယ်ပေးနေတာဖြစ်တယ်။ ခက်ခက်ခဲခဲ လုပ်ရတဲ့အပိုင်းတွေရှိတယ်။ အားလုံးတော့မဟုတ်ပါဘူး။ ကျွန်တော့်အမျိုးသမီးအနေနဲ့က ဒါနဲ့ပတ်သက်ပြီး အေးချမ်းချင်တဲ့ ဆန္ဒရှိတယ်လို့ပြောပါတယ်။ ခုထိလည်းကျွန်တော်တို့နည်းလမ်းပေါင်းစုံနဲ့ ရအောင်ကြိုးစားပေးနေပါတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။

Share it now!