တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၉)

Wednesday, November 4, 2020 - 11:00

 

 

မေး။       ဥပဒေကိုလည်းပဲ တက္ကသိုလ်ကျောင်းသားဘဝမှာ တက်ရောက်သင်ကြားခဲ့တယ်။ စစ်တပ်မှာလည်းစစ်ဥပဒေတွေရှိတယ်။ အဲ့တော့စစ်ဥပဒေနဲ့ အပြင်ဘက်က ဥပဒေတွေနဲ့ကရောကွာခြားမှုရှိပါသလား၊ အဲဒီအပေါ်မှာ ခြုံငုံပြီးပြောပြပေးပါဦးရှင်။

ဖြေ။   ကွာခြားမှုဆိုတာ ကျွန်တော်တို့တပ်ပိုင်းဆိုင်ရာကဥပဒေကတော့ နည်းနည်းပြင်းထန်တယ်။ စစ်စည်းကမ်းကတော့နည်းနည်းပြင်းထန်တယ်။ အရင်စပြီး စည်းကမ်းနဲ့ သတ်မှတ်လိုက်တာပေါ့။ ပြီးတော့မှ ဥပ‌ဒေအရအရေးယူတာတွေဖြစ်တာပေါ့။ စည်းကမ်းဆိုတာ တိုက်တွန်းချက်၊ တားမြစ်ချက်။ ကျွန်တော်တို့စည်းကမ်းတွေက တိုက်တွန်းချက် စည်းကမ်းချက်ထဲမှာ အလေးထားတဲ့ တိုက်တွန်းချက်စည်းကမ်းတွေဖြစ်တယ်၊ တားမြစ်ချက်၊ စည်းကမ်းချက်ထဲမှာလည်း တော်တော်ကိုတင်းကျပ်တဲ့တားမြစ်ချက်တွေရှိတယ်။ အဲ့ဒါကတော့ စစ်သားဆိုတာအမိန့်နာခံမှုရှိရတယ်။ အမိန့်နာခံမှုမရှိလျှင် ဘယ်လိုလုပ်ကာကွယ်ရေးတာဝန်ထမ်းဆောင်မလဲ။ ဒီစည်းကမ်းကိုလိုက်နာဖို့အတွက် လူတစ်ယောက်ကို၊ စစ်မှုထမ်းတစ်ယောက်ကို ဥပဒေအရပြင်းပြင်းထန်ထန်ပဲ အရေးယူတာတွေရှိတယ်။ လျော့ပေးတာတွေမရှိဘူး။ သို့သော် အရေးကြီးတာတစ်ခုက  သူရဲ့ attentively သူရည်ရွယ်ပြီးလုပ်တာ၊ ဘာလည်းဆိုတာလုပ်ဖို့တော့လိုတာပေါ့။ ရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့ ဥပ‌ဒေကစဉ်းစားရတာတွေရှိတယ်။ ဒါကတော့ ဥပဒေရဲ့ဆင်ခြင်တုံတရားရှိတဲ့၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့သူကဆုံးဖြတ်တယ်။ တရားသူကြီးလည်း ဒီအတိုင်းပဲလေ။ ပြစ်မှုကျူးလွန်တာခြင်းတူသော်လည်းပဲ ကျူးလွန်တဲ့ဟာရဲ့နောက်ခံအကြောင်းအရာကို ထည့်သွင်းစဉ်းစားပြီးတော့မှ ဆုံးဖြတ်ရတာကို၊ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်ရတာဖြစ်တယ်။ ဒီအပေါ်မှာလုပ်ရတာ။ ဒါကြောင့်တပ်မတော်ရဲ့စည်းကမ်းကပြင်းလည်းပြင်းထန်တယ်။ ဥပဒေက လည်းပြင်းထန်ပါတယ်။ ဒီဟာကတော့မတူပါဘူး။ ကျွန်တော်ဥပဒေတက်ခဲ့တယ်။ ကျွန်တော်ကိုမေးတဲ့ထဲမှာပါတယ်။ ဥပဒေကျောင်းသားနဲ့တက်ခဲ့တယ်။ ဝါသနာပါလို့တက်ခဲ့တယ်၊ ကျွန်တော်ရွေးခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်စစ်တက္ကသိုလ် ပြောင်းတက်တာပေါ့။ ကျွန်တော်အခုထိ  ဥပဒေနဲ့ပတ်သက်ရင်မလွတ်ပါဘူး။ ဘာတစ်ခုလုပ်လုပ် ဥပဒေနဲ့ညီမညီကျွန်တော်စကြည့်တယ်။ ဥပဒေနဲ့ ညီလား၊ တို့ထုတ်ထားတဲ့အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီသလား။ လိုအပ်လို့ ထုတ်မယ်ဆိုရင်လည်း တို့ဥပ‌ဒေနဲ့ညီညွတ်သလား၊ ဒါကိုလည်းဦးစားပေး စဉ်းစားရတာပေါ့။ တပ်မတော်ကတော့ စည်းကမ်းအရ၊ ဥပဒေအရအလေးထားတဲ့ Institution  တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ ကျွန်တော့်အရာရှိ တွေလည်း ဥပဒေသင်တန်းကိုအတော်များများဖြစ်အောင် တက်ခိုင်းတယ်။ အဆင့်မြင့် အရာရှိကြီးပေးမယ်ဆိုရင် Law  Diploma   ခြောက်လသင်တန်း မဖြစ်မနေတက်ရတယ်။ ဒီသင်တန်းမတက်ပဲနဲ့ အဆင့်မြင့်ရာထူးကို ကျွန်တော်မပေးဘူး။ ဒုတိယဗိုလ်မှူးကြီး အဆင့်ပေးမယ့် အရာရှိတွေဆိုရင် ဥပဒေသင်တန်းကို မဖြစ်မနေတက်ရမယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် မတက်ဖြစ်လို့ပေးခဲ့ရင်တောင်မှ ပြန်တက်ခိုင်းတယ်။ ကျွန်တော်ပြန်ပြီး လုပ်နေပါတယ်၊ ဘာလို့တက်ခိုင်းလဲဆိုတော့ တရားဥပဒေစီရင်ရေးနဲ့ ဥပဒေအကြောင်း အရာက ဒီခေတ်မှာပိုပြီး အရေးကြီးလာတယ်။ ကျွန်တော်တို့နိုင်ငံတကာကနေပြီးတော့  ဝေဖန်နေတဲ့အထဲမှာလည်း ကျွန်တော်တို့သည် ဥပဒေ၊ စည်းကမ်းနဲ့မညီဘူး။ လုပ်ဆောင်ချက်တွေ ၊ ဝေဖန်ချက်တွေရှိတော့ ပိုပြီးသိအောင်၊ ပိုပြီးနားလည်အောင်လုပ်တယ်။ သင်တန်းတွေလည်း ပေးသလိုပဲ ဥပမာအားဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းထဲက ဥပဒေအကြောင်း အရာအရ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတယ်ဆိုရင်  ကျွန်တော် အကုန်လုံးလုပ်ဆောင်ပေးပါတယ်။ အဖြစ်နိုင်ဆုံး ကျွန်တော်လုပ်ပေးတယ်။ ကျွန်တော် ဖြစ်စေချင်တာပေါ့ဗျာ။ ကိုယ့်လူတွေဘာပြောပြော ဥပဒေအကြောင်း နားလည်တယ် ဆိုကတည်းက နိုင်ငံတကာမှာတော့ ကျွန်တော်တို့ပြောအားဆိုအားလည်းရှိတာပေါ့။ ဒီလိုခံယူချက်နဲ့ လုပ်ပေးတာ၊  အနာဂတ်မှာဒီထက်ပိုပြီးကောင်းအောင်လုပ်မယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။

မေး။      အဲဒါဆိုရင် ကျွန်မတို့ Popular news ဂျာနယ်ကနေတဆင့် နားထောင် နေကြမယ့် ပရိသတ်အားလုံးကို ဘာများဖြည့်စွက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ထပ်ပြောချင်ပါသေးလဲရှင့်။

ဖြေ။      ကျွန်တော်တို့ မကြာခင်ရွေးကောက်ပွဲလုပ်တော့မည့် ကာလဖြစ်တယ်။ ရွေးကောက်ပွဲမှာလည်း အားလုံးကနေ ပြီး တက်ညီလက်ညီနဲ့အားလုံးမဲပေးစေချင်တယ်။ တိုင်းပြည်အတွက်၊ ဒေသအတွက် လုပ်ပေးနိုင်မည့်လူကောင်းတွေ စဉ်းစားရွေးချယ်ပေးစေ လိုတယ်။ လူအားလုံး ၁၈ နှစ်ပြည့်ပြီးတဲ့ လူတွေဖြစ်ကြတယ်။ မဲပေးတဲ့လူပြောတာပေါ့၊ မဲပေးတဲ့လူတွေ စဉ်းစားဉာဏ်အကုန်ရှိကြပါတယ်။ ဆင်ခြင်တုံတရားတွေနဲ့ သုံးသပ်ပြီး တော့မှ လုပ်ကြပါလို့ကျွန်တော်ပြောလိုပါတယ်။ ထို့အတူပဲဒီအပေါ်မှာ ကြည့်ရှုသူပရိသတ် တွေအားလုံးကလည်း တိုင်းပြည်၏ကောင်းရာကောင်းကျိုးအားလုံးကို စည်းမျဉ်း၊ စည်းကမ်းနဲ့အညီလုပ်ကိုင်ပြီးကိုယ့်ကိုယ်ကိုလည်းတိုးတက်အောင်မြင်အောင်လုပ်စေချင်ပါတယ်။ ကိုယ့်နိုင်ငံနဲ့ ကိုယ့် လူမျိုးတွေရဲ့ ဂုဏ်ကိုလည်းမြှင့်တင်စေချင်ပါတယ်လို့ ကျွန်တော်ဆုတောင်းစကား ပြောချင်ပါတယ်။

မေး။     ဟုတ်ကဲ့။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လည်း ရွေးကောက်ပွဲအတွက် စိတ်ပူစရာတွေ၊ စိုးရိမ် စရာတွေ ၊ အခက်အခဲတွေ ၊ အနည်းဆုံးနဲ့ အညင်သာဆုံးဖြစ်အောင် တပ်မတော်ကကူညီပြီး ဝန်းရံပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

Share it now!