၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် COVID-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ခေါင်လန်ဖူး ဒေသသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်

Friday, November 6, 2020 - 14:00

 

နေပြည်တော်၊ နိုဝင်ဘာ - ၆

          ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုရန်အတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို တပ်မတော်မှ ရဟတ်ယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့်  ကူညီပို့ဆောင်ပေးလျက်ရှိသည်။

          ထိုသို့ကူညီပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးဝေးလံခေါင်ဖျားသည့် ခေါင်လန်ဖူးဒေသရှိ မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် Voluteer များ အသုံးပြုရန်အတွက် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်မှ ရဟတ်ယာဉ်ဖြင့်  ကူညီပို့ဆောင်ပေးသည်။

          ယင်းသို့ပို့ဆောင်ရာတွင် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် N-95 Mask ၇၈၅၆ ခု၊ Exam Gloves၂၃၇၆ ခု၊ Faceshield ၁၈၀ ခု၊ Personal Protective Equipment (PPE)Level-2 Surgical Gown ၃၆၀ စုံ၊ PPE Level-3 PPE Cover all ၁၈၀ ခု၊ PPE Level-3 Google ၁၈၀ ခု၊ PPE Level-3 Protective Face Mask  ၁၈၀ ခု၊ PPE Level-3 Surgical Gown ၁၈၀ ခု၊ PPE Level-3 Surgical Glove ၁၈၀ ခု၊ PPE Level-3 Boot ၁၈၀ ခု၊ PPE Level-3 Boot Cover ၁၈၀ ခုနှင့် စားသောက်ကုန်ပစ္စည်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပူတာအိုတပ်နယ်မှ တပ်မတော်သားများက ရဟတ်ယာဉ်ပေါ်သို့ တင်ဆောင်၍ ကူညီပို့ဆောင်ပေးပြီး ခေါင်လန်ဖူးမြို့မှ နယ်မြေခံတပ်မတော်သားများက ရဟတ်ယာဉ်ပေါ်မှ ရွှေ့ပြောင်းသယ်ဆောင်ပေးသည်။

          ထို့ပြင် ခေါင်လန်ဖူးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူစုစုပေါင်း ၃၈ ဦးတို့ကို ပူတာအိုမြို့နှင့်မြစ်ကြီးနားမြို့များသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သတင်းရရှိသည်။

Share it now!