ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

Saturday, November 7, 2020 - 08:45

နေပြည်တော်၊ နိုဝင်ဘာ - ၇
    ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

    
    အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဈေးကုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ အမှူးပြုသော သံဃာတော် ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်     ဇနီးများ တက်ရောက်ကြသည်။
    ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော် ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန်ခင်းကျင်းထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။
    ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ် ဆွမ်းတို့ကို ကပ်လှူပူဇော်ကြသည်။
  အစီအစဉ်အရ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဇေယျာသီရိမြို့နယ်၊ သံဃနာယက အဖွဲ့(ရွှေကျင်)ဥက္ကဌ၊ ရေဆင်းကန်ဦးကျောင်းတိုက် ပဓာန  နာယက မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝိလာသ ထံမှ  ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။ 
    ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က ဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီးထံ ကထိန်လျာ သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ပျဉ်းမနားမြို့၊ မင်္ဂလာ ဇေယျုံပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ထံသို့ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊  ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိကြီးများနှင့် ဇနီးများက သံဃာတော်အရှင်သူမြတ်တို့ထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက်မှ ဂဏဝါစက စာချဆရာတော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇ၀နတို့က ကထိန်အမေးအဖြေများကို ဆောင်ရွက်တော်မူကြ သည်။
    ယင်းနောက် ပျဉ်းမနားမြို့၊ ပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှ ပေးဝေကြကာ  ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
    ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒသမအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံးဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၈၃ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၁၂၉၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြကာ သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Share it now!