ပုဏ္ဏားကျွန်းမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၁ ဦးအား ဖမ်းဆီးရမိ

Sunday, November 8, 2020 - 14:15

 

 

နေပြည်တော်၊ နိုဝင်ဘာ - ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရွာဟောင်းရပ်ကွက်၊ ပိတောက်လမ်းဆုံ၌ AA အကြမ်းဖက်သောင်းကျန်းသူများ

အရပ်သားအသွင်ယူ၍ လှုပ်ရှားမှုများရှိသဖြင့် စစ်ဆေးလျက်ရှိရာ နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသော HIJET အမျိုးအစား မော်တော်ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ စစ်တွေ မြို့နယ်နေ ယာဉ်ပိုင်ရှင် မိသားစုနှင့်အတူ ခရီးသည်အဖြစ် လိုက်ပါလာသည့် ညီထွန်းလွင် ၁၈ နှစ်(ဘ) ဦးမောင်ကြိုင်တို့အား တွေ့ရှိရပြီး အသေးစိတ်စစ်ဆေးရာ ညီထွန်းလွင်သည် AA အကြမ်းဖက်သောင်းကျန်းသူ ၁ ဦးဖြစ်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ညီထွန်းလွင်အား ကနဦးစစ်ကြောမေးမြန်းချက်များအရ ၎င်းသည် ကျောက်တော်မြို့နယ်၊ ကုန်းတန်း(မြောက်)ကျေးရွာ ဇာတိဖြစ်ပြီး AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ကိုယ်ပိုင်အမှတ် AAA-5866 ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် နေရာများတွင် မကြာခဏ မိုင်းထောင်ခဲ့ဖူးကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ ညီထွန်းလွင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ပုဏ္ဏားကျွန်း မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Share it now!