တပ်မတော်သားဆေးမှူးအယောင်ဆောင်၍ လိမ်လည်သူအား ဖမ်းဆီးအရေးယူ

Tuesday, November 17, 2020 - 04:45

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၇

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နယ်မြေခံတပ်ထိန်းတပ်မှ တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တို့တွင် တပ်မတော်သား ဆေးမှူးရဲသွေးဦးဆိုသူမှ

CZI အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးနှင့် ငွေကျပ် ၅ သိန်း အား လိမ်လည်ရယူသွားကြောင်း သတင်းအရစုံစမ်းမှုများဆောင်ရွက်စဉ် နိုဝင်ဘာ ၁၃ ရက်တွင် မုံရွာမြို့နယ်၊ ရွှေဇလုပ်ရပ်ကွက်၊ ကံမရပ်နေ ဦးအောင်ကျော်မြင့်၏နေအိမ်၌ တပ်မတော်သားဆေးမှူး ရဲသွေးဦးအမည်အားအသုံးပြု၍ လိမ်လည်မှုများ ဆောင်ရွက်နေသည့် သန့်ဇင်ဝင်း၊ ၃၂ နှစ်၊(ဘ)ဦးမြဝင်း၊ ကျန်စစ်သားလမ်း၊ နယ်မြေ(၁၂)၊ သလ္လာရပ်ကွက်၊ မုံရွာမြို့နေသူအားဖမ်းဆီရမိခဲ့သည်။

          အဆိုပါ တပ်မတော်သားဆေးမှူးရဲသွေးဦး အယောင်ဆောင် သန့်ဇင်ဝင်းသည်  ၂၀၁၄ ခုနှစ် ဇွန် ၂ ရက်တွင် သန့်ဇင်ဝင်းအား ပြည်သူ့ဝန်ထမ်းအယောင်ဆောင် မှုဖြင့် ထောင်ဒဏ် ၂ နှစ်အား ရွှေဘိုမြို့အကျဉ်းထောင်တွင်ကျခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင်လည်း ဆေးကုသမှုလိုင်စင်မရှိဘဲ ဆေးဝါးကုသမှုကြောင့် ထောင်ဒဏ် ၃ နှစ်အား ကသာမြို့ အကျဉ်းထောင်တွင် ကျခံခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြောင်း ယခုအခါတွင်လည်း တပ်မတော်သားဆေးမှူးအယောင်ဆောင်၍ လိမ်လည်မှုများအား ဆက်လက်ပြုလုပ်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရပြီး ၎င်းအားတရားဥပဒေနှင့်အညီအရေး ယူနိုင်ရေး မုံရွာမြို့မရဲစခန်းသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 

 

         

Share it now!