တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုင်းတုံနှင့် မိုင်းဆတ် တပ်နယ်တို့မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အမှာစကားပြောကြား

Tuesday, November 17, 2020 - 13:15

 

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၇

          တပ်မတော်သည် နိုင်ငံတော်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အပြည့်အဝတာဝန်ရှိသည့်အတွက်

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝထမ်းဆောင်နိုင်ရန် တပ်မတော်သားများအနေဖြင့်  ကျန်းမာကြံ့ခိုင်မှုရှိအောင်၊ ကိုယ်ခံစွမ်းအားရှိအောင် လုံ့လဝီရိယဖြင့် ကြိုးစားအားထုတ်နေကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းကောင်းပြီး မိမိ၏ လုပ်ငန်း တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခြင်းသည် စစ်သားကောင်းတစ်ဦး၏ လုပ်ဆောင် ချက်များပင်ဖြစ်ပြီး ထိုအချက်များနှင့် ပြည့်စုံအောင်လည်း အစဉ်ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း၏ သွားလာနေထိုင်လုပ်ကိုင်မှုနှင့် ကိုယ် အမူအရာ များသည် တပ်မတော်သားတစ်ဦးနှင့် ကိုက်ညီနေရမည်ဖြစ်ပြီး ကာကွယ်ရေး စွမ်းရည် မြင့်မားရေးအတွက် အမြဲကြိုးစားအားထုတ်နေရမည်ဖြစ်ကြောင်းနှင့် ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကိုစောင့်ထိန်းမှုတို့ဖြင့် မိမိကိုယ်ကိုယ်အောင်မြင်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းတုံနှင့် မိုင်းဆတ် တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

        အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ မိုင်းတုံနှင့် မိုင်းဆတ် တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

        တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် မိုင်းဆတ် နယ်မြေသည် သွားရေးလာရေးခက်ခဲပြီး ကုန်စည်စီးဆင်းမှုကန့်သတ်ချက်များကြောင့် ကုန် ဈေးနှုန်းများကြီးမြင့်သည်ကို တွေ့ရှိရကြောင်း၊ ယခုအချိန်၌ ဒေသခံများ၏ လူမှု စီးပွားဘ၀နှင့် နေထိုင်မှုတို့သည် ယခင်ထက်များစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ ဒေသခံများအနေဖြင့် သမ္မာအာဇီ၀ကျသည့် စီးပွားရေး လုပ်ငန်းများကိုသာ လုပ်ဆောင်ခြင်းဖြင့် လူမှုစီးပွားတိုးတက် အောင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းကြရမည်ဖြစ်ကြောင်းဦးစွာ ပြောကြားသည်။

        ထို့နောက် တပ်မတော်အနေဖြင့် နိုင်ငံ၏ အနာဂတ်အရေးအတွက် မျှော်မှန်း ၍ ထာ၀ရငြိမ်းချမ်းရေးရရှိရန် အစဉ်တစိုက်ကြိုးပမ်းအားထုတ်လျက်ရှိပြီး ဃြဗ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး အခက်အခဲ များကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19  ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် လည်း ပြည်သူများကို ထိခိုက်စေနိုင်သည့် ကိစ္စတစ်ရပ်ဖြစ်သဖြင့် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှုမရှိခင်ကတည်းကပင် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ရောဂါကူးစက်မှုနှုန်းမှာ မြင့်တက်လျက်ရှိပြီး တပ်မတော်အတွင်း၌ ယခင်ကတည်းကပင် စည်းကမ်းများကို တင်းကြပ်စွာ ထုတ်ပြန် ဆောင်ရွက်ခဲ့သဖြင့် ဖြစ်ပွားမှုနှုန်းနည်းပါးကြောင်း။

         ရောဂါကူးစက်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် စည်းကမ်းများ တင်းကြပ်စွာ ထုတ်ပြန်ထားချိန်တွင် စားဝတ်နေရေးကိစ္စအဝ၀ကို အဆင်ပြေချော့မွေ့စေ ရန် နည်း လမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ရောဂါကူးစက်မှုမရှိစေရေး အတွက် စည်းကမ်း စနစ်တကျဖြင့် နေထိုင်လှုပ်ရှားသွားလာကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာကြံ့ခိုင်မှသာလျင် ကာကွယ်ရေး၊ လေ့ကျင့်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သောကြောင့် ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက် လှုပ်ရှားအားကစားများနှင့် ပုံမှန်လေ့ကျင့်ခန်းများကို မပျက်မကွက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ လုပ်ငန်းတာဝန်များကိုလည်း ပုံမှန်လုပ် ဆောင်နေကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်ရန်အတွက် အစားအသောက်နှင့် အသောက်အစားကိုလည်း တစ်ဦးချင်းအသိစိတ်ဖြင့် ဆင်ခြင်ကြရန်လိုသကဲ့သို့ မိမိ အတွက် အကျိုးမဖြစ်စေနိုင်သည့် ဆေးလိပ်၊ ကွမ်းယာနှင့် အရက်သေစာသောက်စား ခြင်းများကိုလည်း ရှောင်ကြဉ်ကြစေလိုကြောင်း၊ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်သူ၊ စည်းကမ်းကောင်းမွန်သူ၊ တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်နိုင်သူသည် ယောကျ်ား ကောင်း၊ စစ်သားကောင်း တစ်ဦးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုယ်နှင့် မိမိကွပ်ကဲအုပ်ချုပ်နေရသူများကို အလိုမလိုက်ဘဲ သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့်သည့် သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကို သာပြောရန် ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုကြောင်း။

        တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်အပြင် စစ်သည်၊ မိသားစု များ၏ သက်သာချောင်ချိရေးနှင့် ရပိုင်ခွင့်များအားလုံးကိုလည်း ပြည့်ပြည့်၀၀ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ပညာရေးပိုင်းဆိုင်ရာတွင်လည်း အစဉ်မပြတ်မြှင့်တင်ပေးလျက်ရှိပြီး ထူးချွန်ကျောင်းသား ကျောင်းသူများကို ပညာရည်ချွန်ဆုများ အဆက်မပြတ်ချီးမြှင့် အားပေးလျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သားသမီးများအနေဖြင့် မိမိခြေထောက်ပေါ် မိမိ အားကိုးရပ်တည်နိုင်အောင် ပညာရေးပိုင်းဆိုင်ရာကို မြှင့်တင်အားပေးနေခြင်းဖြစ် သည့်အတွက် ပညာရေးကိုအားပေးကြရန်နှင့် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ထို့ ပြင် မိမိတို့၏ သားသမီးများ ပညာရေးသာမက မိမိတို့ကိုယ်တိုင်လည်း အသိပညာများနှင့် တွေးခေါ်မြော်မြင်မှုများ တိုးတက်စေရန် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ဖတ်ရှု လေ့လာနေရန်လိုကြောင်း၊ လူတစ်ဦး၏ စာဖတ်အားသည် ဘ၀တိုးတက်ရေးအတွက် အထောက်အပံ့ကို များစွာပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် (COVID-19) ရောဂါ ဖြစ်ပွားမှုကြောင့် စာပေထုတ်ဝေမှုဆိုင်ရာလုပ်ငန်းအများအပြား ရပ်ဆိုင်းလျက်ရှိသော် လည်း တပ်မတော်မှ ထုတ်ဝေလျက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် ဆက်လက်ထုတ်ဝေလျက်ရှိကြောင်း၊ မိမိတို့၏ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အသိပညာနောက်ကျ မကျန်ခဲ့ရအောင် ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။

          တပ်မတော်သားများသည် ပြည်သူကြားမှပေါက်ဖွားလာပြီး အနယ်နယ်အရပ်ရပ် မှ လာရောက်တာဝန်ထမ်းဆောင်ကာ တပ်မတော်အတွင်းတွေ့ဆုံကြရသည် ဖြစ်သည့် အတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိရန် အရေးကြီးကြောင်း၊ လူအမျိုးမျိုး၊ စိတ် အမျိုးမျိုး ရှိသည့်အတွက် သဘောထားခြင်း မတိုက်ဆိုင်နိုင်သည့် လူ့သဘောသဘာ၀ ကို နားလည်ရမည်ဖြစ်သော်လည်း မိမိတို့သည် စစ်မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြရမည့်သူများဖြစ်သဖြင့် ကျွန်းကိုင်းမှီ-ကိုင်းကျွန်းမှီ ဖြင့် အထက်အောက်ရိုသေလေးစားစွာ နေထိုင်ဆက်ဆံကြရမည်ဖြစ် ကြောင်း၊ သွေးစည်းညီညွတ်သည့် တပ်မတော်ဖြစ်စေရေးအတွက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ရမည်ဖြစ်ပြီး ခေါင်းဆောင် ပိုင်းများမှလည်း မိမိဦးစီးဦးဆောင်ပြုရသည့် အဖွဲ့အစည်းကို အမြဲစည်းလုံးညီညွတ် မှုရှိအောင် ညီညွတ်မျှတစွာ အုပ်ချုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိအဖွဲ့အစည်းနှင့် တိုင်းပြည် အပေါ်သစ္စာစောင့်သိရမည်ဖြစ်ပြီး မိမိကိုယ်ကိုကောင်းအောင်၊ မိမိတို့ တပ်ကောင်း အောင်၊ ထိုမှတစ်ဆင့်နိုင်ငံကောင်းအောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း   ဖြင့် ဆွေးနွေးမှာကြားပြီး တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက် များအား ရင်းရင်းနှီးနှီးမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

       ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိုင်းတုံတပ်နယ်နှင့် မိုင်းဆတ် တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများပေးအပ်ရာ တပ်နယ်မှူး များက အသီးသီး လက်ခံရယူခဲ့ကြသည်။

         ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းတုံတပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့ အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

Share it now!