တောင်ကုတ်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်မျိုးစုံအား သစ်တောဦးစီးဌာနသို့ ဆက်လက်လွှဲပြောင်းအပ်နှံ

Thursday, November 19, 2020 - 13:00

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၉

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အနောက်ဘက်ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်းများအတွင်း တရားမဝင်သစ်မှောင်ခိုလှေများ ခိုအောင်းလျက်ရှိပြီး ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရန်ဆောင်ရွက်လျက်ရှိကြောင်း

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၇ ရက်မှ ၂၄ ရက်အထိ နေရာ ၁၁ နေရာမှတရားမဝင် သစ်မှောင်ခို သ‌င်္ဘော/စက်လှေများနှင့် တရားမဝင်သစ်များအား သိမ်းဆည်းရမိခဲ့သည့် သတင်းအား နိုဝင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးရမိ တရားမဝင်သစ်များအား လွှဲပြောင်း အပ်နှံနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်ရင်း ချောင်းဖျားအနီး စုပုံထားသည့် တရားမဝင်သစ်မျိုးစုံ ၁၅၀၀ တုံးခန့်အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

          အဆိုပါသိမ်းဆည်းရမိသစ်များအနက်မှ နိုဝင်ဘာ ၆ ရက်အထိ ခန့်မှန်း ၈၉၄ ဒသမ ၂၄ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၂၆၅၅ ခန့်)အား တောင်ကုတ်မြို့ နယ်သစ်တောဦးစီးဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့်တရားမဝင်သစ်များ အနက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ခန့်မှန်း ၇၃၂ ဒသမ ၉၇၉၁ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၆၃၆၈ ခန့်)အား တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနသို့ ထပ်မံလွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်၍ ယနေ့အထိ လွှဲပြောင်းအပ်နှံပြီး ဖမ်းဆီးရမိတရားမဝင် သစ်စုစုပေါင်းမှာ ၁၆၂၇ ဒသမ ၂၁၉၁ တန်(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၉၀၂၃ ခန့်) ဖြစ်ပါသည်။

ကျန်ရှိသည့် သိမ်းဆည်းရမိတရားမဝင်သစ် စုစုပေါင်းသစ်တုံး ၁၀၀၀၀ ကျော် အား ဆက်လက် လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Share it now!